ဘိလိယက်အားကစား စင်ကာပူနှင့် ထိုင်းကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမယ့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုတွေ ရရှိဖို့ မြန်မာ့ ဘိလိယက်နဲ့ စနူကာ အားကစားသမားတွေ လေ့ကျင့်နေပါတယ်။ billiard2မြန်မာနိုင်ငံ ဘိလိယက်အဖွဲ့ချုပ်ဟာ လာမယ့် ဆီးဂိမ်းအတွက် အပြီးသတ် လက်ရွေးစင် ၁၇ ဦး ရွေချယ်ပြီး နေပြည်တော် ၀ဏ္ဏသိဒ္ဓိ ဘိလိယက်နဲ့ စနူကာ အားကစားခန်းမမှာ လေ့ကျင့်နေကြကြပါတယ်။ အားကစားသမားတွေဟာ မနက် ၁ ကြိမ် ညနေ ၁ ကြိမ် ၁ ပတ် ၆ ရက် လေ့ကျင့်နေကြပါတယ်။ အင်္ဂလန်နဲ့ အိန္ဒိယနိုင်ငံတွေက ကမ္ဘာ့အဆင့်ဝင် နည်းပြတွေနဲ့လည်း ရက်တို ရက်ရှည် ခေါ်ပြီး လေ့ကျင့်နေကြပါတယ်။ ရွှေတံဆိပ် ၃ ဆုရှင် မြန်မာ့လက်ရွေးစင် ဘိလိယက်စားကစားသမား ဦးအောင်ဆန်းဦးက နိုင်ငံခြားနည်းပြတွေနဲ့ လေ့ကျင့်အပြီးမှာ ယုံကြည်မှု ပိုများလာတယ်လို့ ပြောပါတယ်။ “တန်ဖိုးအများကြီး ကြီးပါတယ်။ ကျနော်တို့ တတ်ထားတာလေးတွေကို ပြန်ပြီး အရောင်တင်တဲ့ အခါမှာ အထောက်အကူတွေ အများကြီး ရခဲ့ပါတယ်။ သူတို့လာမပြခင်က ဘော်လုံးတလုံးအပေါ် ယုံကြည်တာက ၇၀ ရာခိုင်နှုန်း ယုံကြည်တယ်။ သူတို့ ပြပြီးတဲ့နောက် ၉၀ ရာခိုင်နှုန်းလောက်အထိ ယုံကြည်ချက်ရှိပါတယ်။ ကျနော့်အနေနဲ့ကတော့ ရွှေတံဆိပ်ဆုတွေ ပိုင်ဆိုင်ထားပေမယ့်။ အခုလာမယ့် ဆီးဂိမ်းမှာ ရရှိမယ့် ရွှေတံဆိပ်က အားလုံးထက်ပိုပြီး တန်ဖိုးရှိ မယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ နိုင်ငံ ပြည်သူတွေရှေ့မှာ ယူရမယ့် ရွှေတံဆိပ် ဖြစ်လို့ပါ။” ဘိလိယက်နဲ့ စနူကာကစားနည်း ၄ မျိုးအတွလေက် ရွှေတံဆိပ် ၁၂ ခု ချီးမြှင့်မှာ ဖြစ်ပါတယ်။ မြန်မာတွေနဲ့ အကျွမ်းဝင်တဲ့ ဘိလိယက်နဲ့ စနူကာ ၂ မျိုးအတွက် ရွှေတံဆိပ်ရဖို့ မျှော်လင့်ထားကြပေမယ့် ပူးလို့ခေါ်တဲ့ ၉ ဘော ကစားနည်းနဲ့ ကယ်ရွန်ကစားနည်းတွေ အတွက်ကတော့ အတွေ့အကြုံရဖို့အတွက် ကြိုးစား ကစားသွားကြမယ်လို့ ပြောပါတယ်။ မြန်မာနဲ့ ပြိုင်ဘက်နိုင်ငံတွေရဲ့ ကွာဟချက်တွေကိုလည်း ဘိလိယက်နဲ့ စနူကာအဖွဲ့ချုပ်မှ တာဝန်ရှိသူ ဦးမြတ်သူရစိုးက ဆိုပါတယ်။ “စင်ကာပူက တော်တော်များများကဆိုရင် ကမ္ဘာ့အဆင့်အတန်းမီ ကစားနေတဲ့ ကစားသမားတွေပါ။ ဘိလိယက်နဲ့ စနူကာ နှစ်ခုက အရှေ့တောင်အာရှမှာ ကစားတယ်ဆိုပေမယ့် စင်ကာပူတို့၊ မလေးရှားတို့၊ ဖိလစ်ပိုင်တို့က အားကစားသမားတွေက တကယ့် ကမ္ဘာ့အဆင့်အတန်းမီ ကစားနေတဲ့သူတွေပါ။ သူတို့တွေ ဒီမှာလာပြီး ပြိုင်မှာ ဖြစ်ပါတယ်။ ကျနော်တို့နဲ့ သူတပြန် ကိုယ်တပြန်ပါပဲ။ ကျနော်တို့ အရင်ပွဲတွေတုန်းကဆိုရင် စင်ကာပူတို့ ဘာတို့ကိုလည်း ကျနော်တို့ နိုင်ပြီးတော့ ရွှေတံဆိပ်တွေ ရဖူးပါတယ်။ တအားကြီးတော့ မကွာပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ အင်ဒိုနီးရှားပြိုင်ပွဲမှာတုန်းကတော့ ကျနော်တို့က အကုန်လုံးကို ဒုတိယတွေပဲ ဖြစ်သွားပါတယ်။ ဒါကြောင့် ဒီတခါမှာတော့ ကိုယ့်အိမ်ရှင်လည်း ဖြစ်တဲ့အတွက်ကြောင့်မို့ ကိုယ်က အောင်ပွဲခံနိုင်အောင်လို့တော့ ပြင်ဆင်နေပါတယ်။ ရွှေတံဆိပ် ၁၂ ခုမှာတော့ ကျနော်တို့က ၂ ခု၊ ၃ ခု ရအောင် ကြိုးစားကြမှာပါ။ ကျနော်တို့က တော်တော်လေ့ကျင့်ထားပါတယ်။ ” ဘိလိယက်နဲ့ စနူကာပြိုင်ပွဲကို မြန်မာအပါအ၀င် နိုင်ငံပေါင်း ၉ နိုင်ငံ ၀င်ရောက် ယှဉ်ပြိုင်ဖို့ စာရင်းပေးထားကြပါတယ်။ ပြိုင်ပွဲဝင် နိုင်ငံအသီးသီးက ကစားသမားတွေထဲမှာ ကမ္ဘာ့အဆင့်မီ ကစားသမားတွေ ပါဝင်တဲ့ စင်ကာပနဲ့ ထိုင်းကိုတော့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရ နိုင်တယ်လို့ အုပ်ချုပ်သူတွေက ဆိုပါတယ်။ ပြိုင်ပွဲအတွက် အုပ်စုခွဲ မဲနှိုက်တာတွေလည်း ပြီးသွားပြီဖြစ်လို့ ဘိလိယက်နဲ့ စနူကာပြိုင်ပွဲတွေကို နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိ ဘိလိယက်နဲ့ စနူကာ ခန်းမမှာ ၁၂ ရက်နေ့မှ ၂၀ ရက်နေ့ထိ နေ့စဉ် ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up