ဖိလစ်ပိုင်တွင် မုန်တိုင်းကြောင့် သေဆုံးသူ ၃၆၀၀ ရှိပြီဟု ကုလပြော
Published By
DVB | 16 November, 2013
1.4K
0
Share
0
Comment
0
Likes

ဖိလစ်ပိုင်မှာ နိုဝင်ဘာ ၈ ရက်နေ့က တိုက်ခတ်သွားတဲ့ ဟိုင်ယန် တိုက်ဖွန် မုန်တိုင်းကြောင့် သေဆုံးသူ ၃၆၀၀ ရှိသွားပြီး ဆက်လက် မြင့်တက်နေကြောင်း ကုလသမဂ္ဂက နိုဝင်ဘာ ၁၅ ရက်နေ့မှာ ပြောပါတယ်။
သေဆုံးသူ ၄၀၀၀ အထိ ရှိလာနိုင်တယ်လို့ ကုလသမဂ္ဂ လူသားချင်း အကူအညီပေးရေးရုံးရဲ့ ညွှန်ကြားရေးမှူး ဂျွန်ဂျင်းက နယူးယောက်မြို့မှာ ရှိတဲ့ ကုလသမဂ္ဂ ဌာနချုပ်မှာ သတင်းထောက်တွေကို ပြောပါတယ်။
မုန်တိုင်းဒဏ်ခံခဲ့ရသူ ၁၃ သန်း ရှိပြီး လောလောဆယ် နေရာပြောင်းရွှေ့ရသူ ၁ ဒဿမ ၉ သန်းကိုလည်း ကယ်ဆယ်ရေးစခန်းပေါင်း ၁ သောင်း ၁ ထောင်ကျော်မှာ စောင့်ရှောက်ထားတယ်လို့ ပြောပါတယ်။
အိမ်ပေါင်း ၂ သိန်း ၈ သောင်း ၇ ထောင် အကြီးအကျယ် ထိခိုက်သွားပြီး ၁ သိန်း ၆ သောင်းလည်း လုံးဝနီးပါး ပျက်စီးသွားတယ်လို့ ပြောပါတယ်။
အကူအညီပေးရေးလုပ်ငန်းတွေ တိုးတက်လာတာ မှန်ပေမယ့် အမှန်တကယ် အကူအညီ လိုအပ်နေတဲ့သူတွေဆီကို ရောက်ဖို့ အရှိန်မြှင့်လုပ်ဆောင်ဖို့ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။
ဖိလစ်ပိုင်အစိုးရ အာဏာပိုင်တွေဘက်က ပူးပေါင်းဆောင်ရွက်တဲ့ အပိုင်းကိုလည်း ချီးကျူး စကားဆိုပါတယ်။ ဒါပေမယ့် အောက်ခြေမှာ အခက်အခဲမျိုးစုံကတော့ ရှိနေတုန်းပါပဲ။
ဒဏ်ရာရထားသူတွေကဟာ နေပူကြီးထဲမှာ တန်းစီ စောင့်နေကြရတုန်းပါပဲ၊ အလောင်းတွေ ထည့်စရာ အိတ်တွေ၊ ဓာတ်ဆီတွေနဲ့ လူသေအလောင်းတွေ ကောက်မယ့် ၀န်ထမ်းတွေ မလောက်အောင် ဖြစ်နေတယ်လို့ ဒေသအာဏာပိုင်တွေက သတင်းပို့ကြပါတယ်။
အမေရိကန် ဂျော့ဝါရှင်တန် လေယာဉ်တင်သင်္ဘောဟာ တခြားသင်္ဘောတွေနဲ့ အတူ ဆမ်မာ ခရိုင်ထဲကို နိုဝင်ဘာ ၁၄ ရက်နေ့မှာ ရောက်ခဲ့ပြီး ကယ်ဆယ်ရေးဝန်ထမ်း ၅ ထောင်၊ လေယာဉ် အစင်း ၈၀ နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။
ဖိလစ်ပိုင်ဟာ နှစ်စဉ် တိုက်ဖွန် မုန်တိုင်း အကြိမ် ၂၀ လောက်နဲ့ ရင်ဆိုင်ရလေ့ ရှိတာပါ။ မနှစ်တုန်းက တိုက်ခတ်သွားခဲ့တဲ့ ဘိုဖာ မုန်တိုင်းကြောင့် မန်ဒါနာအို ပြည်နယ်မှာ လူ ၁၁၀၀ လောက် သေဆုံးပြီး အပျက်အစီး တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ လောက် ရှိခဲ့ပါတယ်။