မန္တလေး တောင်သာမြို့ သာစည်ရွာမှာ မေလ ၂၃ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား အယောက် ၂၀ လောက် စီးနင်းပြီး ရွာသား ၃ ယောက်ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
သူတို့လိုချင်တဲ့သူကို မတွေ့လို့ အဆိုပါလူရဲ့ ယောက္ခမဖြစ်သူ အသက် ၅၀ အရွယ် ဦးစိန်အောင် နဲ့ ဒေါ်ဝင်းမြိုင်တို့ လင်မယားကို ဖမ်းဆီးသွားပါတယ်။ ဒါ့အပြင် အသက် ၄၀ အရွယ် ကိုမိုးဆိုသူကိုလည်း ဖမ်းဆီးသွားတာပါ။
"အခုဖမ်းသွားတဲ့သူတွေက ဆန္ဒပြတောင် လိုက်တာမဟုတ်ဘူး။ NLD ကို မဲပေးခဲ့တာပဲ ရှိတာ။ ကျနော်တို့ရွာက ဒလန်တွေ ပေါတော့ ဒလန် အမြင်ကတ်ရင် မဆိုင်ဘဲ အဖမ်းခံနေရတယ်'' လို့ ရွာသားတစ်ဦးက ပြောပါတယ်။
ရွာကို အကြမ်းဖက်စစ်တပ်က ဝင်စီးတာ ၆ ကြိမ်လောက်ရှိနေပြီး ရွာမှာ တက်ကြွလှုပ်ရှားသူလို့ နာမည်ထွက်နေတဲ့သူတိုင်း တောထဲမှာ ပုန်းနေကြရတယ်လို့သိရပါတယ်။
မေလ ၁၈ ရက်နေ့တုန်းကလည်း ရွာက CDM ကျောင်းဆရာ ကိုငြိမ်းမင်းဌေး အဖမ်းခံလိုက်ရပါတယ်။ အရင်က ရွာကို ညဘက်ဝင်စီးပြီး အော်ဟစ်ကာ မြင်မြင်သမျှ သေနတ်နဲ့ လိုက်ပစ်တယ်လို့လည်း ရွာသားတွေက ပြောပြပါတယ်။