မသန်စွမ်းအပြေးကစားနည်း ခြေတုအားနည်းချက်များရှိ

၂၀၁၃ ခုနှစ် နိုဝင်ဘာလက ကျင်းပခဲ့ ၇ ကြိမ်မြောက် ပါရာဂိမ်း အားကစားပြိုင်ပွဲ
လာမယ့် ၂၀၁၄ ဇန်န၀ါရီလအတွင်းမှာ ဆီးဂိမ်းအပြီး ကျင်းပမယ့် မသန်စွမ်း Para Game မှာ ပါဝင်ယှဉ်ပြိုင်မယ့် အပြေးကစားသမားတွေအနေနဲ့ ရွှေတံဆိပ်ရဖို့ ရည်ရွယ်ချက်နဲ့ လေ့ကျင့်ရာမှာ ခြေတုအားနည်းချက် ရှိနေတာကြောင့် သူတို့ လက်ရှိ ရထားတဲ့ စံချိန်တွေ အပေါ်မှာ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ Para Game 5၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှာ ကျင်းပမယ့် မသန်စွမ်း ပါရာဂိမ်းအတွက် ကြိုတင် ပြင်ဆင် လေ့ကျင့်နေကြတဲ့ မသန်စွမ်း အားကစားသမားတွေဟာ အားကစား လုပ်ရာမှာ အသုံးပြုတဲ့ ဖလက်ပြားခြေတုတွေနဲ့ မလေ့ကျင့်ရပဲ လမ်းလျှောက်ဖို့သာ ထုတ်ထားတဲ့ ခြေတုတွေနဲ့ လေ့ကျင့်ရတာ ဖြစ်တဲ့အတွက် ခြေထောက် ထိခိုက်ဒဏ်တွေ ရှိနေပါတယ်။ လက်ရှိ လေ့ကျင့်ရာမှာ အသုံးပြုတဲ့ ခြေတုတွေဟာ လေးလံတာ၊ အံဝင်ခွင်ကျ မဖြစ်တာနဲ့ ခြေဖ၀ါး လှုပ်ရှားမှု မရှိတာ၊ မြေနဲ့ ပြန်ဆောင့်တဲ့အခါမှာ နာကျင်တာ စတဲ့ အားနည်းချက်တွေ ရှိနေတာလို့ မသန်စွမ်းအားကစားသမားတွေက ပြောနေကြပါတယ်။ မသန်စွမ်း ပြေးခုံပစ်အားကစားနည်း ၃ ခုမှာ နည်းပြနေသူ ဦးမင်းအောင်က ကစားသမားတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိတယ်လို့ ပြောပါတယ်။ “နာကျင်မှုပေါ့လေ။ ထိခိုက်ဒဏ်ရာ။ ဆိုတာက လဲတာပြုတာမဟုတ်ဘဲနဲ့ ခြေထောက်နာတာတို့၊ ခြေသလုံးရိုးနာတာတို့၊ ခြေကျင်းဝတ် နာတာတို့ပေါ့။ ကျန်းမာရေးနဲ့ ပတ်သက်လို့ ခြေထောက်မကောင်းတော့ စိတ်ညစ်နေတာပေါ့။ စိတ်ဓာတ်ကျတာတော့ မဟုတ်ဘူး။ ပြေးချင်သလို မပြေးနိုင်တော့ စိတ်ဓာတ်ပိုင်းအရ နည်းနည်းလေး အားငယ်နေတာပဲ ဖြစ်ပါတယ်။” မသန်စွမ်း အားကစားသမားတွေအတွက် အသုံးပြုဖို့ ခြေတုတွေကို မင်္ဂလာဒုံ ခြေတုစက်ရုံကနေ ထုတ်တာ ဖြစ်ပြီး ဖိုင်ဘာခြေထောက်တွေနဲ့ ကော်ခြေထောက်တွေ ဖြစ်လို့ အားသွန်ခွန်စိုက် ကစားရတဲ့ကစားနည်းတွေမှာ သုံးတဲ့အခါ ကျိုးပဲ့မှုတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ မသန်စွမ်းအပြေးသမား ဦးကျော်ကျော်ဝင်းကလည်း ခြေတု မကောင်းတဲ့အတွက် သူ စံချိန်ပေါ်မှာ ဘယ်လိုအကျိုး သက်ရောက်နိုင်တယ်ဆိုတာ ခုလို ဆိုပါတယ်။ “အခုတောင် သူ့စံချိန်မီဖို့အတွက်က တပွိုင့်ပဲ လိုတာလေ။ အဲဒီ ခြေထောက်သာ တပ်လိုက်မယ်ဆိုရင် သူ့စံချိန်ကိုတောင် ကျော်သွားနိုင်မယ့် အရည်အချင်းရှိတယ်။ ကျနော်တို့ ခြေတုသမားတွေ ဒီခြေထောက်တွေက အရမ်းလေးတယ်။ ကျနော်တို့ ကန်အားကောင်းတဲ့ ခြေထောက် ပေါ့တဲ့ ခြေထောက်ကို တပ်လိုက်မယ်ဆိုရင် ဒီထက်ပိုကောင်းလာမယ်။” အားကစားလုပ်ရာမှာ အသုံးပြုမယ့် ခြေတုတွေဟာ ဈေးနှုန်း မြင့်မားတဲ့အတွက် အသုံးပြုဖို့ အဆင်မပြေသေးနိုင်တာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာအတွေ့အကြုံ ရှိတဲ့ ၀ိတ်ပြားပစ် အားကစားသမား ဦးမျိုးဆွေက ခြေတု ကွာခြားမှုကြောင့် ထိခိုက်မှုက အပစ်သမားတွေထက် အပြေးသမားတွေမှာ သိသာ ကွာခြားတယ်လို့ ပြောပါတယ်။ “အပြေးမှာတော့ သိသာတယ်။ ဒီခြေတုတွေနဲ့ ပြေးဖို့ရာ မဖြစ်နိုင်ဘူး။ အနောက်ကပဲ လိုက်မှာပဲ၊ ဘယ်လိုပဲ ယှဉ်ယှဉ်။ အော်တိုဖောင့် ခြေတုရဲ့ စွမ်းဆောင်မှုက ဆွဲခေါ်သွားတယ်။” ကစားသမားတွေဟာ မိမိတို့ရဲ့စံချိန်တွေက နာကျင်မှုရှိတဲ့အချိန်မှာ ပြောင်းလဲ သွားတတ်တာ ကြောင့် ဒီထက်ပိုကောင်းတဲ့ခြေတုတွေကိုတော့ မျှော်လင့်နေကြပါတယ်။ အဲဒီမသန်စွမ်းအားကစားပြိုင်ပွဲတွေကို ဆီးဂိမ်းအပြီး လာမယ့်နှစ် ဇန်န၀ါရီ ၁၁ ရက်ကနေ ၂၁ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၆ ကြိမ်မြောက် အရှေ့တောင်အာရှ မသန်စွမ်းအားကစားပြိုင်ပွဲ (ပါရာဂိမ်း) မှာ တုန်းကလည်း မြန်မာနိုင်ငံက ရွှေတံဆိပ် ၁၁ ခု ရရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up