မြန်မာ့လေကြောင်းအတွက် စင်းလုံးငှား လေယာဉ် ၂ စင်းရောက်
DVB
·
November 15, 2013
လေယာဉ်ကွင်းငယ်လေးတွေမှာ ဆင်းသက်နိုင်တဲ့ Cessna Grand Caravan စင်းလုံးငှားလေယာဉ် ၂ စင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို နိုဝင်ဘာ ၁၄ ရက်နေ့က ရောက်ရှိလာပါတယ်။
ဒီလေယာဉ်တွေကို မန္တလေး ချမ်းမြသာစည် လေယာဉ်ကွင်းမှာ အခြေစိုက်ပြီး မြန်မာပြည်ရဲ့ မည်သည့်ခက်ခဲတဲ့ နေရာတွေကို မဆို စင်းလုံးငှား လေယာဉ်အဖြစ် ငှားရမ်း ၀န်ဆောင်မှု ပေးသွားမယ်လို့ မြန်မာ့လေကြောင်းက ညွှန်မှူးဦးသန်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
၁ စင်းကို ဒေါ်လာ ၂ သန်းခွဲလောက် ပေးရတဲ့ ဒီလေယာဉ် ၂ စင်းကို အမေရိကန်နိုင်ငံကနေ ၇ ရက်တာ ခရီးရှည် မောင်းနှင်ရယူခဲ့တာ ဖြစ်ကြောင်း၊ လေယာဉ်ခရီးစဉ်တွေကို လာမယ့် ဆီးဂိမ်းမတိုင်မီ စပြီး ပြေးဆွဲသွားဖို့ ရည်ရွယ်ထားကြောင်း သူက ရှင်းပြပါတယ်။
မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး စင်းလုံးငှား ဖြစ်လာမယ့် ခရီးသည် ၁၂ ယောက် တင်နိုင်တဲ့ ဆက်ဆနာလေယာဉ်ဟာ ပင်လယ်နဲ့ မြစ်ချောင်းတွေထဲမှာလည်း ဆင်းသက်နိုင်တဲ့ လေယာဉ်တွေ ဖြစ်ကြောင်း ညွှန်မှူး ဦးသန်းထွန်းက ပြောပြပါတယ်။