Home
ဆောင်းပါး
ဘယ်ဘက်ကရပ်တည်မလဲ၊ ဂျန်ဇီး (Gen-Z) ဘက်ကလား၊ အာဏာသိမ်းစစ်ကောင်စီ ဘက်ကလား (ဆောင်းပါး)
DVB
·
May 21, 2021

ယခု ရက်သတ္တပတ်အတွင်း ပြည်တွင်းပြည်ပ မီဒီယာတွေမှာ မျက်နှာဖုံးသတင်းအဖြစ် လူသိများတဲ့ သတင်းကတော့ ချင်းပြည်နယ် မင်းတပ်မြို့မှာ အရပ်သားတွေကို အာဏာသိမ်းစစ်ကောင်စီက စစ်ဘက်တိုက်ခိုက်ရေး လက်နက်တွေအသုံးပြု တိုက်ခိုက်သတ်ဖြတ်ခဲ့တဲ့ သတင်းဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက မေလ ၁၅ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာ သတိပြုမိတယ်။ အရပ်သားတွေအပေါ် စစ်မြေပြင်သုံး လက်နက်တွေနဲ့ တိုက်ခိုက်တဲ့လုပ်ရပ်ဟာ မြန်မာစစ်တပ်ရဲ့ မိုက်တွင်းနက်တဲ့လုပ်ရပ်အဖြစ် ဆက်လက် သက်သေထူနေတယ်လို့ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ပြင်းပြင်းထန်ထန် ဝေဖန်ထားတယ်။ စစ်တပ်အာဏာ တည်မြဲရေးအတွက် ဒီလို တိုက်ခိုက်နေတာတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ရှုတ်ချကြောင်းနဲ့ မြန်မာစစ်တပ်အနေနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန်းက ရပ်ဖို့လည်း တောင်းဆိုထားတာ တွေ့ရတယ်။

မင်းတပ်မြို့မှာ မေလ ၁၂ ရက်နေ့ကစပြီး စစ်ကောင်စီနဲ့ ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ CDF တို့ကြား တိုက်ပွဲတွေ ၄ ရက် ဆက်တိုက် ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ကြောင်း မီဒီယာတွေက သတင်းတွေ ရက်ဆက်ဖေါ်ပြခဲ့တယ်။ စစ်ကောင်စီဘက်က အမြောက်လက်နက်ကြီးတွေ အသုံးပြုပြီး အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်နေတာဖြစ်တယ်။ ဒါပေမဲ့ CDF အဖွဲ့ဘက် ကတော့ ချင်းရိုးရာ တူမီးသေနတ်လောက်နဲ့သာ မြို့ကို ခုခံကာကွယ်ခဲ့ကြတာဖြစ်ကြောင်း သိရတယ်။ အကြမ်းဖက် စစ်ကောင်စီက စစ်လေယာဉ်တွေနဲ့ စစ်သားတွေ ထပ်မံ အင်အားဖြည့်ခဲ့ပြီး လက်နက်ကြီးတွေနဲ့ပါ တိုက်ခိုက်နေတယ်လို့ ဒေသခံပြည်သူတွေနဲ့ ချင်းပြည်သူ့ကာကွယ်ရေး CDF အဖွဲ့ဝင်တွေက RFA သတင်းကို ပြောကြောင်း သိရတယ်။

တချိန်တည်းမှာ မြန်မာစစ်အာဏာသိမ်းမှုကြောင့် နယ်စပ်ကိုဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံထဲ ၀င်ရောက်လာကြတဲ့ မြန်မာနိုင်ငံသား တသောင်းခွဲကျော်ရှိနေပြီလို့ အိန္ဒိယအစိုးရက မေလ ၁၇ ရက်နေ့က ပြောကြောင်း ရုရှားသတင်းဌာန RT ကို ကိုးကားပြီး  RFA သတင်းက ဖော်ပြတယ်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံ ချင်းပြည်နယ်တို့ဟာ နယ်နိမိတ်ချင်း ထိစပ် နေရုံမက လူမျိုးစုတွေလည်း ဆက်စပ်နေကြတယ်။ မြန်မာ ဒုက္ခသည်တွေအတွက် နယ်စပ်တွေ ဖွင့်ပေးထားဖို့ ကုလသမဂ္ဂကလည်း အိန္ဒိယအပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို တိုက်တွန်းနေကြောင်း ကြားရတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့အပြားမှာ အကြမ်းဖက်နှိမ်နင်းမှုတွေ၊ တိုက်ခိုက်မှုတွေ ရှိလာလို့ မြန်မာနိုင်ငံသားတွေ နယ်စပ်ဖြတ်ကျော်ထွက်ပြေးနေကြပြီး၊ ပြီးခဲ့တဲ့ ဧပြီလ တလထဲမှာပဲ မြန်မာနိုင်ငံထဲကနေ တောင်တွေကို ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ရောက်ရှိလာခဲ့တဲ့ မြန်မာနိုင်ငံသား ၁,၈ဝဝ လောက်ရှိတယ်လို့ ဆိုတယ်။ အခုဆိုရင် ၁၅,၄ဝဝ ကျော်ရှိသွားပြီး နေ့စဉ်နဲ့အမျှ အိန္ဒိယနိုင်ငံထဲရောက်လာသူ ဦးရေ တိုးနေတယ်လို့ မီဇိုရမ်ပြည်နယ်အရာရှိတွေက မေလ ၁၈ ရက်နေ့က အတည်ပြုချက် ပေးပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အပြစ်မဲ့ အရပ်သား ပြည်သူလူထုနဲ့ ကလေး သူငယ်တွေအပေါ် လူမဆန်စွာ  လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခြင်း၊  တိုက်ခိုက်ရေးရဟတ်ယာဉ်များ အသုံးပြုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ဖြိုခွင်းနေမှုအပေါ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) ကလည်း ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း မေလ ၁၆ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာတွေ့ရတယ်။  အာဏာသိမ်းစစ်ကောင်စီအနေနဲ့  အပြစ်မဲ့ပြည်သူလူထုနဲ့ ကလေးသူငယ်များအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဟာ လူ့အခွင့်အရေးချိုးဖောက်မှု  ဖြစ်တဲ့အတွက် ချက်ချင်းရပ်တန့်ဖို့နဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှုတွေအတွက် စစ်ကောင်စီက  တာဝန်ခံရမှာဖြစ်ကြောင်းလည်း CRPH က စစ်ကောင်စီကို သတိပေးထားတာ တွေ့ရတယ်။ 

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ အရပ်သားအစိုးရ ဖြုတ်ချပြီး စစ်အာဏာသိမ်းတာကို အမေရိကန်က ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့တယ်။ စစ်ခေါင်းဆောင်တွေအပေါ် ပစ်မှတ်ထား အရေးယူမှုတွေလည်း လုပ်ဆောင်ခဲ့တာ တွေ့ရတယ်။ ကမ္ဘာ့နိုင်ငံတွေအနေနဲ့လည်း မြန်မာစစ်တပ်ကို ဖိအားပေးကြဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က မကြာသေးမီက လန်ဒန်မှာ ကျင်းပခဲ့တဲ့ G7 စက်မှုထိပ်သီး ၇ နိုင်ငံဆွေးနွေးပွဲမှာ တိုက်တွန်းခဲ့တယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Ned Price ကလည်း မြန်မာစစ်တပ်ဟာ သူ့ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်ကို ရပ်တန့်ရမှာဖြစ်ပြီး စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေး ကြိုးပမ်းမှုတွေကို အမေရိကန်အစိုးရက အားပေးထောက်ခံကြောင်း ပြောကြားခဲ့တာလည်း ကြားရတယ်။

ဒီနေ့ နွေဦးတော်လှန်ရေးကို ဦးဆောင်နေတဲ့ ဂျန်ဇီး (Gen-Z) လူငယ်မျိုးဆက်သစ်တွေဟာ အင်တာနက်ခေတ်၊ သတင်းနည်းပညာခေတ်၊ ဆိုရှယ်မီဒီယာ ကျယ်ပြန့်လာတဲ့ ခေတ်မှာ မွေးဖွားကြတဲ့သူတွေ ဖြစ်တယ်။ လွတ်လပ်စွာ တဦးချင်း စိတ်ကူး စိတ်သန်းတွေကို ဖေါ်ထုတ်ခွင့်ရရှိခဲ့ကြတဲ့ ခေတ်မှာ လူငယ်ဘဝကို ရှင်သန်ခွင့် ရရှိထားသူတွေလည်းဖြစ်တယ်။ အင်တာနက် ကွန်ရက် ရှိနေရင် စမတ်ဖုန်းရှိ နေရင် အချင်းချင်းအကြား ဆက်သွယ် ဆွေးနွေးရေးကို ဘယ်နည်းနဲ့မှ တားဆီးပိတ်ပင်လို့ မရတော့တဲ့ ခေတ်ဖြစ်တယ်။  စစ်အာဏာရှင်ခေတ်ရဲ့ ခါးသီးတဲ့ အခြေအနေကို မိဘဘိုးဘွားတွေဆီက အိပ်ယာဝင်ပုံပြင်တွေလို ကြားသိခဲ့ဖူးပြီးဖြစ်တယ်။ ဒီမိုကရေစီ  ၇၅ ရာခိုင်နှုန်းခေတ်ကို ဂျန်ဇီးလူငယ်တွေ ဆယ်စုနှစ်တခု တွေ့ကြုံခဲ့ဖူးပြီဖြစ်တယ်။ ဒီမိုကရေစီ ၁၀၀ ရာခိုင်နှုန်းရရှိရေးဟာ Gen-XYZ တို့ရဲ့ အနာဂတ်အိပ်မက်ဖြစ်တယ်။ ဒါကြောင့် သူတို့ဦးဆောင်တဲ့ နွေဦးတော်လှန်ရေးကို အရင်းအနှီး ဘယ်လောက်ပေးရ ပေးရ မရမချင်း တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားကြတာတွေ့ရတယ်။ သူတို့ရဲ့ ညီအစ်ကို မောင်နှစ်မ မိဘ ဆွေမျိုးတွေကလည်း CDM လှုပ်ရှားမှုနဲ့ အင်တိုက်အားတိုက် ထောက်ခံအားပေးနေကြတာဖြစ် တယ်။ 

ဒီအနေအထားအရ မြန်မာနိုင်ငံရဲ့အနာဂတ်ကို ဖန်တီးတည်ဆောက်ကြမယ့်သူတွေဟာ ဂျန်ဇီး (Gen-Z)လို့ခေါ်တဲ့ လူငယ်မျိုးဆက်သစ်တွေနဲ့ နွေဦးတော်လှန်ရေးထောက်ခံတဲ့ CDM လှုပ်ရှားမှုမှာ ပါ၀င်ဆင်နွှဲသူတွေ ဖြစ်တယ်။ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ NUG တို့ကလည်း သူတို့နဲ့ လက်တွဲပြီး တိုင်းရင်းသားပြည်သူတွေ မျှော်မှန်းတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ကြမှာဖြစ်တယ်။ လိုရင်းကို ကောက်ရရင် လက်ရှိနိုင်ငံရေး အခင်းအကျင်းအရ မေးခွန်းတခု လတ်တလော ပေါ်ပေါက်နေတယ်။ ဂျန်ဇီး (Gen-Z) လို့ခေါ်တဲ့ လူငယ် မျိုးဆက်သစ်တွေနဲ့အတူ နွေဦးတော်လှန်ရေးဘက်က ရပ်တည်မှာလား။ အကြမ်းဖက် စစ်အုပ်စုရဲ့ နောက်လိုက်ခွေးအဖြစ် စစ်အာဏာရှင်ဂိုဏ်းဘက်က  ရပ်တည်မှာလား ဆိုတဲ့မေးခွန်း ပေါ်ပေါက်နေတယ်။ 

ဒီမေးခွန်းကို မေးရတာက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေကို ဖမ်းဆီးချုပ်နှောင်ထားပြီး နိုင်ငံကို အုပ်ချုပ်ဖို့ ကြံစည်နေတဲ့ မင်းအောင်လှိုင်နဲ့ အပေါင်းပါများဘက်ကို လိုက်ပါလိုတဲ့ အချောင်သမားတွေ ရှိနေလို့ ဖြစ်တယ်။  

မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်ဂိုဏ်းဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီကို အပြတ်အသတ် ရှုံးခဲ့ကြတဲ့အတွက် NLD ပါတီတည်နေသရွေ့ သူတို့ပါတီတွေ  ခေါင်းမထောင်နိုင်တော့ဘူးလို့ ထင်နေကြပုံ ရတယ်။ ဒါကြောင့် ရွေးကောက်ပွဲမတိုင်ခင်ကတည်းက စစ်အုပ်စုနောက်မြီးဆွဲ ၄၃ ပါတီဟာ စစ်တပ်ကို အာဏာသိမ်းဖို့ ဆော်သြခဲ့ကြတယ်။ NLD ဆန့်ကျင်ရေးပါတီတွေရဲ့ ပြည်တွင်းထောက်ခံမှု၊ တရုတ်နိုင်ငံရဲ့ပြည်ပကျောထောက်နောက်ခံ ပေးမှုတွေကို အားပြုပြီး မင်းအောင်လှိုင်က အာဏာသိမ်းခဲ့တာဖြစ်တယ်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ကလိန်ဉာဏ်ဆင် မတရားဘူးလို့အကြောင်းပြပြီး အာဏာသိမ်းခဲ့တာဖြစ်တယ်။ အမှန်စင်စစ် ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတကြောင်း ပြည်တွင်းပြည်ပက အသိအမှတ်ပြုထားပြီးဖြစ်တယ်။ မင်းအောင်လှိုင်စစ်အာဏာရှင်ဂိုဏ်းရဲ့ ကိုယ်ကျိုးစီးပွားကာကွယ်လိုမှုအရ အကြောင်းမရှိ အကြောင်းရှာ အာဏာသိမ်းခဲ့တာ ဖြစ်တယ်။ ဒီမိုကရေစီ ကိုယ်စားပြုတဲ့ အစိုးရအာဏာရခဲ့ရင် စစ်အုပ်စုရဲ့ အကျင့်ပျက်ခြစားမှုပေါင်း အသင်္ချေအနန္တနဲ့တကွ လူ့အခွင့်အရေးချိုးဖေါက်မှုပေါင်းများစွာကို ဖေါ်ထုတ်ဖွင့်ချခံရမှာ ကြောက်တဲ့အတွက် အာဏာသိမ်းခဲ့ခြင်းဖြစ်တယ်။ ဒီကနေ့ မြန်မာနိုင်ငံပြဿနာဟာ ဒီမိုကရေစီဝါဒနဲ့ ဖက်ဆစ်စစ်အာဏာရှင်ဝါဒတို့ကြားက တိုက်ပွဲဖြစ်တယ်။ အာဆီယံဒေသ အတွင်းကတဆင့် နိုင်ငံတကာအထိ ကျယ်ပြန့်လာနိုင်တယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံအများစုကလည်း အာဏာရှင် တပိုင်း အစိုးရတွေ လက်အောက်မှာ ရှိနေဆဲ ဖြစ်တယ်။ 

မြန်မာ့နွေဦးတော်လှန်ရေး(သို့မဟုတ်) ဒီမိုကရေစီအရေးတော်ပုံဟာ ဒေသတခုလုံးအထိ ကူးစက်ကျယ်ပြန့်လာမှာကို အာဏာရှင်တပိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ထိတ်လန့်နေကြပုံရ တယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒကို ထင်ဟပ်တဲ့ ရွေးကောက်ပွဲဖြစ်ကြောင်း၊ ပွင့်လင်းမြင်သာပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ကြောင်း၊ စစ်တပ်ရဲ့ ရွေးကောက်ပွဲ မသမာမှုဆိုတဲ့ စွပ်စွဲချက်ဟာ အထောက် အထားမရှိတဲ့ စွဲချက်သာ ဖြစ်ကြောင်း နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့တခုဖြစ်တဲ့ ANFREL က ထောက်ပြ ပြောဆိုထားတာလည်း တွေ့နိုင်တယ်။ ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ မြန်မာပြည်သူတို့ရဲ့ ဆန္ဒအစစ် အမှန်ဖြစ်တယ်။ ဒါကြောင့် CRPH နဲ့ NUG ဟာ ပြည်သူကို ကိုယ်စားပြုပါတယ်။

ဒီအတောအတွင်း အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီရဲ့ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို မေလ ၂၁ ရက်နေ့ နေပြည်တော်မှာ ကျင်းပပါတယ်။ အဆိုပါ အစည်းအဝေးကို တက်ရောက်ဖို့ အန်အယ်လ်ဒီ ပါတီနဲ့ တိုင်းရင်းသားပါတီကြီးတွေအပါအဝင် နိုင်ငံရေးပါတီအားလုံးကို ဖိတ်ကြား ထားတယ်လို့ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူက ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားခဲ့တယ်လို့ ဆိုတယ်။  ဒါပေမဲ့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ပါတီတွေကတော့ မတက်ဖို့ ဆုံးဖြတ်ထားကြကြောင်း ကြားရတယ်။ အဲဒီထဲမှာ ၂၀၂၀ ရွေးကောက်ပွဲတုန်းက အမတ်ဦးရေ ၄၆ ဦးအနိုင်ရခဲ့တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီအနေနဲ့ ဖိတ်စာရပေမယ့် အစည်းအဝေးတက်မှာ မဟုတ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ဒီဗွီဘီ သတင်းဌာနကို ပြောတာတွေ့ရတယ်။ 

SNLD ပါတီအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖြစ်ထွန်းရေးကို  လက်ခံယုံကြည်တဲ့အတွက် လမ်းကြောင်းချင်း မတူခြားနားနေတယ်လို့ ဆိုပါတယ်။ အာဏာသိမ်းစစ်ကောင်စီဟာ တစ်နှစ်အတွင်း ရွေးကောက်ပွဲပြန်လုပ်မယ်လို့ ကြေညာထားပေမယ့် ယခင် စစ်အစိုးရတွေဟာလည်း ပြောထားတဲ့အတိုင်း ကတိမတည်ခဲ့ဘူးလို့ ပါတီပြောခွင့်ရက ဒီဗွီဘီကို ပြောခဲ့ဖူးကြောင်း သိရတယ်။ SNLD ပါတီဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီမှာ  ပါဝင်ဖို့ ကမ်းလှမ်းတာခံခဲ့ရပေမယ့် ပါတီမူဝါဒနဲ့မကိုက်ညီတာကြောင့်  ငြင်းပယ်ခဲ့ကြောင်း သိရတယ်။ 

SNLD ပါတီနဲ့ ဆန့်ကျင်ဘက်မှာ ရပ်နေတဲ့ စစ်ကောင်စီနောက်လိုက်ပါတီတွေလည်းရှိနေတယ်။ အဲဒီပါတီတွေက စစ်အာဏာသိမ်းဖို့တိုက်တွန်းခဲ့ကြတဲ့ ပါတီတွေဖြစ်တယ်။ အဲဒီပါတီခေါင်းဆောင်တွေဟာ သူတို့သမိုင်းနဲ့သူတို့ ရှိခဲ့ပြီးသူတွေ ဖြစ်တယ်။ အာဏာကို ဖြတ်လမ်းနည်းနဲ့ရယူလိုသူ အချောင်သမားတွေဖြစ်တယ်။ သူတို့ဟာ ပြည်သူနဲ့ အမြဲ ဆန့်ကျင်ဘက် မှာရပ်ခဲ့ကြသူတွေဖြစ်တယ်။ အခုလည်း အဲဒီ စစ်ကောင်စီနောက်လိုက်တွေဟာ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ တရားဝင်အစိုးရ ဖြစ်ပေါ်လာနိုင်တယ် လို့ ယုံကြည်နေကြပုံရတယ်။ တချိန်ထဲမှာ လူထုတိုက်ပွဲကို အထင်သေးပြီး စစ်တပ်မပါဘဲ တိုင်းပြည်ရဲ့အနာဂတ်ကို မဖန်တီးနိုင်ဘူးလို့ရှုမြင်နေကြတယ်။ စစ်တပ်သည်သာ အခရာလို့ထင်နေကြပုံဟာ သနားစရာ ကောင်းနေတယ်။

ဒါကြောင့် အာဏာသိမ်းစစ်ကောင်စီရဲ့ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံညှိနှိုင်း မယ့် မေလ ၂၁ ရက်နေ့ အစည်းအဝေးကို တက်ဖို့ စိတ်အားထက်သန်နေကြတာဖြစ်တယ်။ အာဏာသိမ်း စစ်ကောင်စီက အသစ်ခန့်အပ်ထားတဲ့ UEC ကလုပ်တဲ့အစည်းအဝေးတွေကို တက်ရောက်ဖို့ ပြည်သူ့ပါတီ PP ဗဟိုအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ကို လက်မခံနိုင်တဲ့ ပါတီဝင်အတော်များများ မေလ ၁၇ ရက်နေ့က နုတ်ထွက်ကြတဲ့ သတင်းလည်း မီဒီယာတွေမှာ ဖေါ်ပြခဲ့တာ တွေ့ရတယ်။ မေလ ၂၁ ရက်နေ့ အစည်းအဝေးကြောင့် ပါတီတွေ အတွင်းမှာ သဘောထားကွဲခဲ့ကြရပြီ ဖြစ်တယ်။ စစ်ကောင်စီရဲ့ ဒီကစားကွက်က နိုင်ငံရေးစဉ်းစားတွေးခေါ်ပုံ အားနည်းတဲ့ ပါတီတွေအတွင်း သွေးကွဲအောင် ဖန်တီးလိုက်တာဖြစ်တယ်။ ပြည်သူလူထုကတော့ မေ ၂၁ အစည်းအဝေးတက်ရောက်သူတွေဟာ စစ်အာဏာရှင် အလိုတော်ရိတွေလို့ သတ်မှတ်မှာ ဧကန် ဖြစ်တယ်။  

အကြမ်းဖက်စစ်အာဏာသိမ်းမှုကို မြန်မာပြည်သူလူထုက အခုအချိန်ထိ လက်မခံတဲ့အတွက် မင်းအောင်လှိုင်အကြမ်းဖက်အဖွဲ့ဟာ ကုလသမဂ္ဂနဲ့တကွ နိုင်ငံတကာရဲ့ ပြစ်တင်ရှုတ်ချမှုကို ပြင်းပြင်းထန်ထန်ခံနေရတယ်။ အကြမ်းဖက် စစ်ကောင်စီရဲ့  လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှုတွေ တနေ့တခြားများသထက် များလာနေတယ်။ မေလ ၁၈ ရက်အထိ ဆန္ဒပြပြည်သူ၈၀၅ ဦး ကျဆုံးခဲ့ရကြောင်း၊ ၅၂၃၇ ဦး အဓမ္မ ဖမ်းဆီးခံခဲ့ရကြောင်း၊ အချုပ်အနှောင်ခံနေရဆဲ ၄၁၄၆ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP) ရဲ့ မှတ်တမ်းအရ သိရတယ်။

ယနေ့ အထိလည်း မြန်မာနိုင်ငံအနှံ့မှာ ဆန္ဒပြပွဲတွေ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေကြဆဲဖြစ်တယ်။ နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားခဲ့ကြရတဲ့ ပြည်သူများရဲ့အသက်သွေးတို့ကို တန်ဖိုးထားကြရင်၊ အချုပ်အနှောင်ခံ နေရဆဲ ပြည်သူတွေရဲ့ နစ်နာမှုတွေကို စာနာရင် ဒီမိုကရေစီတော်လှန်ရေးဘက်မှာ ရပ်ကြရပေလိမ့်မယ်။

နွေဦးတော်လှန်ရေး ရေချိန်မြင့်လာတာနဲ့အမျှ မြန်မာ့နိုင်ငံရေးနယ်ပယ်မှာ ဘီလူးစည်း/လူ့စည်း ပိုပြီး ပြက်ပြက်ထင်ထင် ရှိလာနေပြီလို့ သုံးသပ်မိတယ်။

နန္ဒလင်းရှိန်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024