Home
မြန်မာသတင်း
စက်ရုံများဆက်တိုက်ပိတ်သိမ်းနေသဖြင့် အလုပ်သမားများအလုပ်လက်မဲ့ဖြစ်ပြီး ကျူးကျော်ရပ်ကွက်များတွင် ပြောင်းရွှေ့နေထိုင်
DVB
·
May 20, 2021

ရန်ကုန်စက်မှုဇုန်တွေမှာ စက်ရုံတွေ ဆက်တိုက်ပိတ်နေတာကြောင့် အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ပြီး နေစရိတ် အိမ်လခမပေးနိုင်တော့တဲ့အတွက် ကျူးကျော်ရပ်ကွက်တွေမှာ ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားသားလုပ်ငန်းရှင်တွေဟာ မြန်မာနိုင်ငံမှာ အလုပ်ဆက်လုပ်ဖို့မဖြစ်နိုင်တော့တဲ့အတွက် စက်ရုံတွေပိတ်ပြီး ပြည်တွင်းကနေ ဆက်တိုက်ထွက်ခွာနေကြတာပါ။

စက်ရုံတွေပိတ်ကုန်တဲ့အတွက် သိန်းနဲ့ချီတဲ့ စက်ရုံလုပ်သားတွေဟာ အလုပ်လက်မဲ့ပြဿနာနဲ့ရင်ဆိုင်နေကြပါတယ်။ စက်ရုံတွေဆက်တိုက်ပိတ်သိမ်းရာမှာ နိုင်ငံခြားသားလုပ်ငန်းရှင်တချို့ကတော့ ဥပဒေနဲ့အညီ လုပ်သားတွေ ရသင့်ရထိုက်တာကိုပေးပြီး ပိတ်သိမ်းကြပေမယ့် စက်ရုံသူဌေးအများစုက လုပ်သားတွေရဲ့ ရပိုင်ခွင့်ကိုမပေးဘဲ ပိတ်သိမ်းခဲ့ကြတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတစ်ယောက်က ပြောပါတယ်။

အလုပ်သမားတွေဟာ အိမ်လခမပေးနိုင်ကြတော့တဲ့အတွက် ကျူးကျော်ရပ်ကွက်တွေမှာ ပြောင်းရွှေ့နေထိုင်နေကြရပြီး ရန်ကုန်မှာ ရှေ့ဆက်ရပ်တည်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆိုပါတယ်။

ဒီအခြေအနေအတိုင်းဆက်သွားရင် အလုပ်သမားတွေဟာ အငတ်ဘေးဆိုက်တော့မယ်လို့ ရန်ကုန်အခြေစိုက်အလုပ်သမားအရေးဆောင်ရွက်သူတစ်ဦးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ ရွေးကောက်ခံကိုယ်စားလှယ်တွေဦးဆောင်ဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးကို ဦးစားပေး ဆောင်ရွက်နေရတဲ့အတွက် အလုပ်သမားတစ်ဦးချင်းစီအတွက် ထိရောက်တဲ့ အကူအညီတွေပေးနိုင်ဦးမှာ မဟုတ်ဘူးလို့ NUG အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီက ပြောပါတယ်။

လတ်တလောမှာ ထိရောက်တဲ့အကူအညီမပေးနိုင်သေးဘူးဆိုပေမယ့် ပြဿနာကိုဖြေရှင်းဖို့နည်းလမ်းကိုတော့ ကြိုးစားရှာဖွေနေတယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်သက်ဆိုးမရှည်ဖို့အတွက် စီးပွားရေးလုပ်ငန်းတွေရပ်ဆိုင်းဖို့ နိုင်ငံတကာက ဖိအားပေးနေတာ  စီးပွားရေးပိတ်ဆို့မှုတွေလုပ်နေတာဟာ  စစ်ကောင်စီအပေါ်မှာ သာမက အခြေခံလုပ်သားတွေအပေါ်မှာပါ အကျိုးသက်ရောက်မှုရှိနေတာဖြစ်ပါတယ်။

ဒီအခြေအနေမှာ အလုပ်သမားတွေရဲ့ ရေရှည်အခွင့်အရေးတွေကိုပြန်ရဖို့ အလုပ်သမားတွေဟာ အဆိုးဆုံးအခြေအနေကို ကြိုတင်စဉ်းစားပြီး အခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ဖို့လိုတယ်လို့ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတစ်ဦးက မမိုးစန္ဒာမြင့်က တိုက်တွန်းပါတယ်။

အလုပ်သမားတွေအခက်အခဲဖြစ်နေသလိုပဲ ပြည်တွင်းက နိုင်ငံသားပိုင်အသေးစားနဲ့ အလတ်စားစက်ရုံတွေကလည်း လက်ထဲမှာငွေသားမရှိတာကြောင့် လုပ်ငန်းလည်ပတ်ဖို့ အခက်အခဲကြုံနေရတယ်လို့ဆိုပါတယ်။

တရုတ်နိုင်ငံဘက်က ကုန်ကြမ်းဝယ်ဖို့ ယွမ်ငွေဈေးတွေတက်နေပြီး မြန်မာငွေကို လက်မခံတဲ့အတွက် အလုပ်လုပ်ဖို့ခက်ခဲနေတယ်လို့ လုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။ 

အလုပ်သမားတွေအလုပ်လက်မဲ့ဖြစ်မယ့်အခြေအနေတွေကို မြင်နေရပေမယ့် ကူညီနိုင်တဲ့အင်အားမရှိဘူးလို့လည်း စက်ရုံလုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။

မြန်မာနိုင်ငံက စက်ရုံတွေမှာ တရုတ်၊ ဟောင်ကောင်၊ ကိုးရီးယား၊ ဂျပန်နဲ့ ထိုင်ဝမ်နိုင်ငံတွေက လုပ်ငန်းရှင်တွေအများဆုံးလာရောက် ရင်းနှီးမြှုပ်နှံနေတာဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအခြေအနေဆိုးရွားလာတာကြောင့် ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ ပြောင်းလဲရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်လာကြတာဖြစ်ပါတယ်။

စစ်အာဏာရှင်လက်အောက်မှာ  အစိုးရရဲ့စီးပွားရေးယန္တရားပျက်စီးတာ၊ စစ်ကောင်စီကို ဆန့်ကျင်ဖို့ နိုင်ငံတကာက ကုန်မှာယူတင်သွင်းမှုရပ်ဆိုင်းတာတွေကြောင့် လုပ်ငန်းရှင်တွေဟာ မြန်မာပြည်တွင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

နိုင်ငံခြားစက်ရုံလုပ်ငန်းရှင်တွေဟာ ဧပြီလဆန်းလောက် ကတည်းက မြန်မာပြည်တွင်းကနေ ဆက်တိုက်ထွက်ခွာနေတာဖြစ်ပြီး အခုမေလကုန်မှာ အကုန်လုံးနီးပါး ထွက်ခွာကြလိမ့်မယ့် ပြည်တွင်းလုပ်ငန်းရှင်တွေက မှန်းဆ ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024