မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပန်းကြိုင်ရွာမှာ မေ ၁၉ ရက်က အကြမ်းဖက်စစ်ကောင်စီတပ်တွေဝင်ရောက်လာပြီး သေနတ်တွေနဲ့ ပစ်ဖောက်တဲ့ အတွက် ရွာလုံးကျွတ်ထွက်ပြေးနေရပါတယ်။
ရွာထဲကို စစ်ကား ၅ စီးရောက်လာပြီး အင်အားသုံးကာ ပြည်သူတွေရဲ့ အိမ်တွေကိုမွှေနှောက်ဖျက်ဆီးပြီး ပစ္စည်းတွေကိုယူဆောင်ကာ သေနတ်တွေဖောက် သောင်းကျန်းသွားတယ်လို့ ဒေသခံရွာသား တစ်ယောက်က ဒီဗွီဘီကိုပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့တုန်းက အဆိုပါကျေးရွာမှာရှိတဲ့ ဒလန်အုပ်ချုပ်ရေးမှူးက စစ်သားတွေကိုခေါ်လိုက်တဲ့အတွက် ရွာအတွင်းသို့ စစ်သားတွေ ၀င်လာကာ လူငယ်တွေကို လိုက်ဖမ်းဆီးခဲ့ပြီး ဖမ်းမမိခဲ့လို့ သေနတ် ၁၂ ချက်ပစ်ဖောက်သွားခဲ့ပါတယ်။
မေလ ၁၈ ရက်နေ့ညမှာတော့ အမည်မသိလူတစ်စုက ဆိုင်ကယ်နဲ့ ရောက်လာပြီးတော့ အဆိုပါ ဒလန်အုပ်ချုပ်ရေးမှူးကို ဓားနဲ့ ၄ ချက်လောက်ထိုးခဲ့လို့ မိထ္တိလာ ဆေးရုံကို ပို့ဆောင်ထားရပါတယ်။
ဒီနောက် အကြမ်းဖက်စစ်တပ်တွေက မနေ့ညက ရွာထဲကို အင်အားသုံးဝင်ရောက် ပစ်ခတ် မွှေနှောက်နေတာကြောင့် တစ်ရွာလုံးထွက်ပြေးနေရတာဖြစ်ပါတယ်။
လက်ရှိ ရွာသားတွေဟာ ရွာထဲကိုပြန်မဝင်ရဲတော့ဘဲ တောထဲမှာ ဖြစ်သလိုနေနေရပြီးတော့ အကူညီတွေလိုအပ်နေတယ်လို့ ဆိုပါတယ်။