ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့ထဲမှာ မြန်မာဘက်ခြမ်းကို စလောင်းနဲ့ အင်တာ နက်တွေ ဆက်သွယ်ပေးနေတဲ့ ထောက်ကူပစ္စည်းတွေ ဖမ်းဆီးရမိတယ်လို့ ဒေသတွင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
မယ်ဆိုင်မှာ တရားမဝင် စလောင်းနဲ့အင်တာနက်ကေဘယ်လ်ကြိုးတွေတပ်ဆင်ပြီး မြန်မာဘက်ခြမ်းကို ဆက်သွယ်ပေးနေတယ်လို့ စုံစမ်းသိရှိရတဲ့အတွက် ထိုင်းအမျိုးသား အသံလွှင့်လုပ်ငန်းနဲ့ ဆက်သွယ်ရေးကြေးနန်းဌာန National Broadcasting and Telecommunication Commission ၊ နယ်မြေအုပ်ချုပ်ရေးရုံး၊ နယ်မြေခံရဲတပ်ဖွဲ့က တာဝန်ရှိသူတွေဟာ မေလ ၁၉ ရက်နေ့က အဆိုပါနေရာတွေ သွားရောက်စစ်ဆေးဖမ်းဆီးခဲ့တာပါ။
အဆိုပါအင်တာနက်လိုင်းကြိုးနဲ့ စလောင်းတွေဟာ တိုက်အမြင့်တွေပေါ်မှာ ဆင်ထားတာဖြစ်ပြီး တာချီလိတ်ဘက်ကနေ ဖမ်းယူတဲ့စက်နဲ့ တပြေးညီတပ်ဆင်ထားကြောင်း ၊ ဒီလို ဆင်ထားတဲ့နေရာဟာ ၆ ခုရှိပြီး ဘော်ဆိုင်း၊ ဘန့်မိုင်လုန်းခွန်၊ ဘန့်ဆန်ဆိုင်း၊ ဘန့်မယ်ဆိုင် စတဲ့ ရပ်ကွက်တွေမှာတည်ရှိတယ်လို့ ဆိုပါတယ်။
သူတို့တွေဟာ တရားဝင်ခွင့်ပြုချက်မတောင်းဘဲ ချိတ်ဆက်ထားတာကြောင့် ဆက်သွယ်ရေး ကြေးနန်းနဲ့အသံလွှင့်ခြင်းဥပဒေအရ အရေးယူခံရမှာဖြစ်ပြီး ပြစ်မှုထင်ရှားက ဒဏ်ငွေ ဘတ် ၁ သိန်း သို့မဟုတ် ၅ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ကျခံရမှာဖြစ်ပါတယ်။
ဒီမေလ ၁၉ ရက်မှာပဲ မယ်ဆိုင်မြို့နယ်နဲ့ မဲ့ကျန်းမြို့နယ်က လဝကရဲ၊ နယ်မြေခံရဲ၊ နယ်မြေ ခံစစ်တပ်နဲ့ အုပ်ချုပ်ရေးပိုင်းကတာဝန်ရှိသူတွေဟာ ကိုဗစ်-၁၉ ကူးစက်မှုကာကွယ်ရေးအတွက် မယ်ဆိုင်မှာရှိတဲ့ အလုပ်ရုံတွေ သွားရောက်ပြီး တရားမဝင်အလုပ်သမားတွေကို သွားရောက် စစ်ဆေးခဲ့ကြတယ်လို့ မယ်ဆိုင်ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
Photo Credit- Maesai press