မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ စည်သာကြီးကျေးရွာသား ၆ ယောက်ဟာ စစ်ကောင်စီ ဒလန်တွေရဲ့ သတင်းပေးမှုကြောင့် မေလ ၁၉ ရက် မနက် ၁ နာရီလောက်က ကျေးရွာနဲ့ ၄ မိုင်လောက်ဝေးတဲ့တောထဲမှာ အကြမ်းဖက်ဖမ်းဆီးခံခဲ့ရပါတယ်။
ရွာသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားရာ လမ်းတလျှောက်နဲ့ စည်သာကြီးကျေးရွာ စာသင်ကျောင်းမှာထိန်းသိမ်းစစ်ဆေးမေးမြန်းစဉ် ရဲနဲ့ စစ်တပ်ရဲ့ နှိပ်စက်မှုကြောင့် ဖမ်းဆီးခံရသူတွေထဲက ဦးခင်မောင်ကြည် ဆိုသူ သေဆုံးသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။
ကျန် ရွာသား ၅ ယောက်ကလည်း အပြင်းအထန်ဒဏ်ရာတွေ ရရှိထားကြပြီး သေဆုံးသူရဲ့ အလောင်းကိုတော့ တောင်တွင်းကြီးဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်လိုက်တယ်လို့ ဖမ်းဆီးနှိပ်စက်ခံရသူတွေနဲ့ နီးစပ်သူက ဒီဗွီဘီကို ပြောပါတယ်။
သေဆုံးသူ ဦးခင်မောင်ကြည် ဟာ အန်အယ်လ်ဒီ အစိုးရလက်ထက်က ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
တောင်တွင်းကြီးမြို့နယ်၊ စည်သာကြီးကျေးရွာနဲ့ ပျဉ်းချောင်းကျေးရွာတွေမှာ နေထိုင်တဲ့ ပြည်သူ အယောက် ၂၀ နီးပါးကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ တောင်တွင်းကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့လက်ချက်နဲ့ ပြည်သူ ၂ ဦး သေဆုံးခဲ့ရပြီဖြစ်ပါတယ်။
(ဓာတ်ပုံစာ- သေဆုံးသူ ဦးခင်မောင်ကြည်)