ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ အမှတ် ၁ သီရိရတနာစျေးကြီးအတွင်းသို့ မေလ ၁၈ ရက် ည ၉ နာရီကျော်လောက်က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေ အတင်းဝင်ရောက်ပြီး ကုန်ခြောက်တွေနဲ့ ပစ္စည်းတွေ ခိုးယူသွားကြတယ်လို့ မြို့ခံဈေးသူဈေးသားတွေက ပြောပါတယ်။
မနေ့ညက စစ်ကား ၃ စီးနဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင် အင်အား ၃၀ လောက်က စျေးအတွင်းဝင်ရောက်ကာ ပြည်သူတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို မွှေနှောက်ယူဆောင်သွား တာလို့ ဆိုပါတယ်။
လျှပ်စစ်ရုံးဝင်းဘက်သို့လည်း စစ်ကောင်စီတပ်တွေ ဝင်ရောက်ခဲ့ပြီး တရုတ်တန်းဘက်မှာလည်း ကားတချို့ကို တားဆီးစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့သလို စျေးအနီးက လူတစ်ဦးကိုလည်း စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတချို့ကပြောပါတယ်။ ဖမ်းဆီးခံရသူ ဘယ်သူဘယ်ဝါဆိုတာကိုတော့ အတည်ပြုလို့ မရသေးပါဘူး။
ဗန်းမော်မြို့မှာ ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး အကြမ်းဖက်စစ်ကောင်စီဝင်တွေကတော့ ညအချိန်မတော် ရပ်ကွက်တွေအတွင်း ဝင်ရောက်တာ၊ ဒေသခံတွေအတွက် လုံခြုံရေးယူပေး နေတယ်လို့ အကြောင်းပြကာ တရားဥပဒေမဲ့ပြုလုပ်နေပြီး ညအမှောင်မှာ ကင်းပုန်းတွေဝပ်ကာ ခြောက်လှန့်နေတာကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။
အကြမ်းဖက်စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ လက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ ပြည်သူတွေရဲ့ ပစ္စည်းတွေနဲ့ ငွေတွေယူသွားတာရှိရင် တိုင်ကြားနိုင်တယ်လို့ ပြောထားပါတယ်။