လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများ ဆွေးနွေးမည်
DVB
·
November 14, 2013
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေဟာ လက်ရှိမြန်မာ့နိုင်ငံရေးနဲ့ တိုင်းရင်းသားအရေးတွေနဲ့ ပတ်သက်လို့ အမြင်ခြင်း ဖလှယ်ကြဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ လာမယ့်သီတင်းပတ်အတွင်း တွေ့ဆုံမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်လူ့အဖွဲ့စည်းတွေ ချင်းမိုင်မှာ တွေ့ဆုံဖို့အတွက် မြန်မာငြိမ်းချမ်းရေးစင်တာက စီစဉ်ဆောင်ရွက်နေတာဖြစ်ပါတယ်။
[caption id="attachment_38257" align="alignright" width="300"] ချင်းမိုင်မြို့တွင် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ယူအန်အက်ဖ်စီတို့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ပထမအကြိမ် တွေ့ဆုံခဲ့စဉ်[/caption]
ဆွေးနွေးပွဲပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို မြန်မာငြိမ်းချမ်းရေးစင်တာအဖွဲ့ဝင် ဦးညိုအုန်းမြင့်က “အဓိက သူတို့ နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ကြားထဲမှာ ပိုပြီးတော့ ပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့ဖြစ်ပါတယ်။ နောက်တခါ ကျနော်တို့ အထွေထွေ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးပြီးသွားရင် ကျနော်တို့ တိုင်းပြည်မှာ နိုင်ငံရေး ဆွေးနွေးမှုတွေရှိလာမယ်၊ ဆွေးနွေးမှုတွေဖြစ်ဖို့အတွက်ကို ဒါတွေက အားလုံး all inclusive ဆိုတဲ့ သမ္မတကြီးရဲ မူဘောင်အပေါ် မူတည်ပြီး နိုင်ငံရေးအင်အားစုတွေကို ကျနော်တို့ တင်ပြသွားပေးမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံရေးပါတီတွေက သူ့တိုဘာသူတို့ ဆွေးနွေးလို့ရအောင်ပေါ့နော်။ ကျနော်တို့ စီစဉ်ထားပေးပါတယ်။ ”
ဒီတွေ့ဆုံပွဲကို ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ နိုဝင်ဘာ ၂၂-၂၃ ရက်နေ့တွေ ပြုလုပ်မှာဖြစ်ပြီး အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီတွေ အပါအ၀င် ၁၀ ပါတီလောက်ကို ဖိတ်ကြားထားတာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်တဦးကို စေလွှတ်မှာဖြစ်ပြီး ဆွေးနွေးဖို့သွားတာမဟုတ်ဘဲ မိတ်ဆက်ဖို့ သွားတာလို့ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းက ပြောပါတယ်။
“ကျနော်တို့ အဖွဲ့ချုပ် ကိုယ်စားလှယ် ဒေါ်နန်းခင်ထွေးမြင့် သွားဖို့ရှိပါတယ်။ ကျနော်တို့ ငြိမ်းချမ်းရေးစင်တာက ပြောတဲ့ စကားတွေအရ ကျနော်တို့ဟာ မိတ်ဆက်သွားမှာပါ။ ဆွေးနွေးပွဲ သွားမှာ မဟုတ်ပါဘူး။ ဆွေးနွေးပွဲတွေက နောက်ဆုံးကျမှ နိုင်ငံရေးဆွေးနွေးပွဲတွေက နောက်ဆုံးမှ လာမှာ။”
ဆွေးနွေးပွဲတက်မယ့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အတွင်းရေးမှူး ဦးခွန်ဥက္ကာက “စတင်ပြီးတော့ ဦးဆောင်တာက ရန်ကုန်ဘက်ကဖြစ်နေတယ်လေ။ ဒါကြောင့် သူတို့ဘက်မှာ ဘာဆွေးမလဲဆိုတာ ပါလာမယ်လို့ ထင်တယ်။ ကျနော်တို့ကလည်း မေးလာမယ်ဆိုရင်ဖြေဖို့နဲ့ ရောက်တဲ့အခါမှာ ဆွေးနွေးမယ့် အစီစဉ်ထွက်လာမယ်လို့ ထင်တယ်လေ။ ကျနော်တို့က တမနက်ပဲလေ။ ၉ နာရီကနေ ၁၂ နာရီပဲ။ ဒီတွေ့ဆုံမှုကတော့ ဘာဖြစ်ဖြစ်ကောင်းတဲ့ လက္ခဏာပါပဲ။ အတွင်းအပြင် ညှိနှိုင်းတယ်၊ ဖလှယ်တယ်။ အဲဒီကနေပြီးတော့ ယုံကြည်မှု တည်ဆောက်တယ်။ အဲဒီကနေပြီးတော့ ညီညွတ်ရေးတည်ဆောက်တယ်ဆိုရင် အနာဂတ် ကိုယ့်တိုင်းပြည်ကို ပြည်လည်ထူထောင်ဖို့အတွက် အကောင်းဆုံး တွေ့ဆုံမှုဖြစ်တယ်လို့ ကျနော်တို့ အဲလို မျှော်လင့်ချက်ထားပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ဒီတွေ့ဆုံပွဲမှာ ချင်မိုင်မြို့မှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေကိုလည်း ဖိတ်ကြားထားတယ်လို့ ဦးညိုအုန်းမြင့်က ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့က ပြည်ထောင်စု ၀န်ကြီးတွေနဲ့ နိုင်ငံရေး ပါတီတွေ ရန်ကုန်မှာ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီဇင်ဘာလ ဘားအံမှာ ကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမတိုင်ခင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေး ပါတီတွေ နိုင်ငံရေး ဆိုင်ရာ အကြိုဆွေးနွေးဖလှယ်နိုင်ရေး ချင်းမိုင်မှာ တွေ့ဆုံကြဖို့ အစိုးရက စီစဉ်ထားတယ်လို့ ပြောကြားထားတာဖြစ်ပါတယ်။