Home
မြန်မာသတင်း
ကိုယ်ကာယအလှပြ ရွှေတံဆိပ် ရမည်ဟု မျှော်မှန်း
DVB
·
November 14, 2013
၂၀၁၃ ဆီးဂိမ်းလ် ကိုယ်ကာယအလှပြိုင်ပွဲရဲ့  ၅၅ ကီလိုတန်းမှာ ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့တဲ့ ဗီယက်နမ်လူမျိုး ဖန်မန်မက်ကို ကျော်လွှားပြီး မြန်မာတွေအတွက် ရွှေ ၁ ဆုကို ရယူနိုင်ဖို့ အသင့် ဖြစ်နေပြီလို့ ကိုယ်ကာယကြံ့ခိုင်မှုအဖွဲ့ချုပ်က ပြောလိုက်ပါတယ်။ 425289_249404471813359_1442531323_nဆီးဂိမ်းမှာ ပြိုင်ပွဲဝင်မယ့် မြန်မာအသင်းအနေနဲ့ ၅၅ ၊ ၆၀၊ ၇၀၊ ၈၀နဲ့  ၉၀ ကီလို စတဲ့ ကီလိုတန်း ၅ ခုအတွက် လူ ၇ ဦး ကို ရွေးချယ်ပြီး  ကာယကြံ့ခိုင်မှုအဖွဲ့ချုပ်မှာ  မနက် ၁ ကြိမ် ညနေ ၁ ကြိမ် လေ့ကျင့်နေကြပါတယ်။ မြန်မာအပါအ၀င်  မလေးရှား၊ ထိုင်း၊ ဗီယက်နမ်နဲ့ အင်ဒိုနီရှား စတဲ့ ၅ နိုင်ငံ ပါဝင် ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ၀ိတ်တန်းတိုင်းမှာ အတွေ့အကြုံရင့်တဲ့ ကစားသမားတွေအပြင် ကမ္ဘာ့ အဆင့်ဝင် ကစားသမားတွေလည်း ပါတဲ့အတွက် ယှဉ်ပြိုင်မှုတွေ ပြင်းထန်နိုင်တယ်လို့ သိရပါတယ်။ ၅၅ ကီလိုတန်းရဲ့ ကမ္ဘာ့ချန်ပီယံ ဗီယက်နမ်က ဖန်မန်မက်နဲ့ ယှဉ်ပြိုင်ရမယ့် ကာယဗလမောင် ကိုထွန်းမင်းက   ဗီယက်နမ်ကို ဖြတ်ကျော်ပြီး ရွှေတံဆိပ်ဖို့အတွက် အဆင်သင့် ဖြစ်နေပါပြီလို့ ပြောပါတယ်။ “ဒီပွဲမှာကတော့ ရွှေတံဆိပ်ကို မျှော်မှန်းပြီးတော့ ကစားနေပါတယ်။ ရွှေတံဆိပ် ရလိမ့်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်အ၀ ရှိပါတယ်။ ကျနော် ဗီယက်နမ်ကိုလည်း နိုင်လိမ့်မယ်လို့လည်း တွက်ထားပါတယ်။ ရွှေတံဆိပ်လည်း ရမှာပါ။ ကိုယ့်ထက်အရမ်းကောင်းတဲ့ ချန်ပီယံကို ပြိုင်ရမှာဖြစ်တဲ့အတွက် နှစ်ဆ သုံးဆလောက် အများကြီး ကြိုးစားထားတာဖြစ်တဲ့ အတွက် ယုံကြည်မှုလည်း အပြည့်အ၀ ရှိပါတယ်။ ကြွက်သား ကလည်း အရင်ပွဲတွေထက် တအားကောင်းနေတယ်။ အခုလောလောဆယ်တောင် မနက်ဖြန်ပြိုင်မယ်ဆိုရင်တောင် ပြိုင်လို့ရတဲ့ အနေအထားဖြစ်နေပါပြီ။” မြန်မာကိုယ်စားပြု ယှဉ်ပြိုင်မယ့် ကိုထွန်းမင်းဟာ ၆ နှစ် အတွေ့အကြုံရှိတဲ့ ကစားသမား ဖြစ်ပြီး ငွေ ၂ ဆု၊ ကြေး ၁ ဆုနဲ့ ရွှေ ၁ ဆု ရထားပြီး ဖြစ်ပါတယ်။ ကမ္ဘာ့ပြိုင်ပွဲမှာလည်း ကီလို ၆၀ တန်းမှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး  ခု ၂၀၁၃ ဆီးဂိမ်းလ်မှာ ယှဉ်ပြိုင်ရမယ့် ဗီယက်နမ်က ဖန်မန်မက်ကို ကျော်ပြီး တတိယဆုလည်း ရရှိခဲ့ဖူးပါတယ်။ အားကစားဝန်ကြီးဌာနကလည်း အစားအသောက်ပိုင်းတွေနဲ့ ကျန်းမာရေးတွေအတွက် စောင့်ရှောက်မှု အပြည့်အ၀ပေးထားတယ်လို့ ကိုထွန်းမင်းက ပြောပါတယ်။ “အစားအသောက်ပိုင်းဆိုင်ရာဆိုလည်း လူတယောက်ကို တသောင်းဖိုးနှုန်း ကြွေးတယ်လေ။ ကိုယ်ကာယအဖွဲ့ချုပ်ကလည်း ကျနော်တို့ကို ဆေးဝါးတွေနဲ့ ဖြည့်စွက် အစားအစာ ထောက်ပံ့ပေးပါတယ်။ ” လာမယ့် ဆီးဂိမ်းမှာ ကိုယ်ကာယကြံ့ခိုင်မှုပြိုင်ပွဲအတွက် ရွှေတံဆိပ် ၅ ဆု ချီးမြှင့်မှာ ဖြစ်ပြီး မြန်မာ့ကာယကြံ့ခိုင်မှုအဖွဲ့ချုပ်အနေနဲ့ ရွှေတံဆိပ် ၂ သို့မဟုတ် ၃ ဆု မျှော်မှန်းထားတယ်လို့လည်း နည်းပြ ဦးအောင်နိုင်က ပြောပါတယ်။ “တဖွဲ့လုံးကောင်းပါတယ်။ ကောင်းတယ်ဆိုတာက ပြိုင်ကြမယ့်အပိုင်းမှာ ၀င်ပြိုင်တဲ့သူတွေက လူသစ်တွေ မဟုတ်ဘူး။ သူတို့အပိုင်းကို ကောင်းအောင်လုပ်တယ်။ ကျနော်တို့ဘက်က လုပ်သင့်တာကို ပြသပေးတယ်။ ဒီဆီးလ်ဂိမ်းပွဲက အခြား ပွဲတွေနဲ့မတူဘူး။ မတူတဲ့အတွက် အားစိုက်ပြီး လုပ်ထားပါတယ်။” ကာယအလှပြကစားနည်းကို  ဒီဇင်ဘာ ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ရန်ကုန်မြို့က မြန်မာကွန်ဗင်းရှင်းစင်တာ (အမ်စီစီ) ခန်းမမှာ ကျင်းပမှာ ဖြစ်ပြီး အခမဲ့ ကြည့်ရှု အားပေးနိုင်မှာလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024