မြန်မာ့အကြီးဆုံး စက္ကူစက်ရုံ ထိုင်း Double A ကုမ္ပဏီ ငှားရမ်းခွင့်ရ
DVB
·
November 14, 2013
မြန်မာနိုင်ငံရဲ့ အကြီးဆုံး သာပေါင်း အဆင့်မြင့်စက္ကူနဲ့ အိမ်သုံးပစ္စည်းထုတ်လုပ်ရေး စက်ရုံကို ထိုင်းနိုင်ငံက Double A ကုမ္ပဏီက တင်ဒါ အောင်မြင်ပြီး ငှားရမ်း လုပ်ပိုင်ခွင့်ရသွားပြီလို့ စက်မှုဝန်ကြီးဌာန တာဝန်ရှိသူတဦးက အတည်ပြုပြောဆိုပါတယ်။
စက်ရုံ အလုပ်သမားပေါင်း ၁၈၀၀ ကျော်ရှိတဲ့ ဒီစက်ရုံကို ပုဂ္ဂလိက ငှားရမ်း လုပ်ကိုင်ခွင့်ပေးဖို့ တင်ဒါခေါ်ရာမှာ ပြည်ပ ကုမ္ပဏီ ၄ ခုနဲ့ ပြည်တွင်းကုမ္ပဏီ ၁ ခု တင်ဒါ ၀င်ပြိုင်ခဲ့ကြပါတယ်။ ဒီအထဲကမှ မြန်မာနိုင်ငံထဲကို စက္ကူချောထုတ်တွေ တင်သွင်းနေတဲ့ ထိုင်းအခြေစိုက် Double A ကုမ္ပဏီက တင်ဒါအောင်ခဲ့တာ ဖြစ်ပါတယ်။
ကုမ္ပဏီအနေနဲ့ အစိုးရကို ၁ နှစ် ငှားရမ်းခ အမေရိကန်ဒေါ်လာ ၂ သန်း ပေးရမှာ ဖြစ်ပြီး ၀န်ထမ်းလစာနဲ့ ကုန်ကျစရိတ်ကို ကုမ္ပဏီက ကျခံသွားရမယ့်အပြင် ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှုပ်နှံပြီး ၁ နှစ် တန် ၃ သိန်းကျ စက်ရုံသစ် ၁ ရုံကိုလည်း တည်ဆောက်ရမှာဖြစ်တယ်လို့ သိရပါတယ်။