ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဝဝမ်ကျေးရွာမှာ တောင်ယာစိုက်ခင်းသွားတဲ့ အမျိုးသား ၁ ဦး မိုင်းနင်းမိပြီး ခြေထောက်ပြတ် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၃၄ နှစ်ခန့်ရှိ ဦးခမ်ဂျေတူးမိုင်နဲ့ ဇနီး နန်းဇိန်းခေါန်မိုင်တို့ဟာ မေလ ၁၅ ရက် ညနေ ၅ နာရီလောက်က တောင်ယာစိုက်ခင်းသို့အသွားမှာ မိုင်းနင်းမိပြီး ဦးတူးမိုင်ရဲ့ ဘယ်ခြေထောက်မှာ ဒူးအောက်ပိုင်းမှ ပြတ်ထွက်ကြေမွ ဒဏ်ရာရရှိခဲ့ပါတယ်။ အမျိုးသမီးကတော့ မိုင်းစထိမှန်ပြီး ဒဏ်ရာရရှိခဲ့တာပါ။
ဒီနေ့ မေ ၁၇ ရက်နေ့မှာ ဗန်းမော်မြို့ရှိ ၄ မိုင်စစ်ဆေးရုံမှာ ဆေးကုသခံယူနေပြီး ကူညီထောက်ပံ့ပေးမယ့် အဖွဲ့အစည်းတချို့က ချိတ်ဆက် ဆက်သွယ်နိုင်ဖို့ကြိုးစားနေတယ်လို့ ဒေသခံက ပြောပါတယ်။
လွန်ခဲ့တဲ့ မေလ ၁၄ ရက်ကလည်း မိုးမောက်မြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီး မိုင်းပေါက်ကွဲလို့ ထွေ အုပ်ဝန်ထမ်း ၁ ဦး မိုင်းထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
မိုးမောက်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကချင်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (အေအိုင်အေ)တို့ အကြား ဧပြီလ တစ်လလုံး အပြင်းအထန်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဒေသခံ ၃၀၀၀ နီးပါး စစ်ဘေးတိမ်းရှောင်နေရကာ အကူအညီတွေ လိုအပ်နေပါတယ်။