ကေအိုင်အေ စစ်သင်တန်းကို သွားတာဖြစ်ကြောင်း လိမ်လည်ထွက်ဆိုခိုင်းခံရသူ ခေါင်းလန်ဖူး လူငယ် ၆ ဦးကို ဒီနေ့အထိ ပြန်မလွှတ်ပေးသေးတာကြောင့် မိဘတွေ စိုးရိမ်နေကြရတယ်လို့ ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။
သူတို့ကို ကချင်ပြည်နယ် ပူတာအိုခရိုင်ထဲက မကွေဇစစ်ဆေးဂိတ်မှာ ဧပြီ ၂၂ ရက်က အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဌာနေပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးပြီး လိမ်လည်ထွက်ဆိုပါက လွှတ်ပေးမယ်လို့ ပြောပေမဲ့ အခုထိ မလွတ်သေးတာပါ။
“ဌာနေပြည်သူ့စစ်အဖွဲ့က ခေါင်လန်ဖူး လူငယ် ၆ ဦးကို ပြန်လွှတ်ပေးမယ်၊ ကေအိုင်အေ စစ်သင်တန်းကို သွားတာဖြစ်ကြောင်း ထွက်ဆိုခိုင်းတဲ့အပြင် မိဘတွေကိုလည်း ခုလို ဖမ်းဆီး ထိန်းသိမ်းပေးလို့ ကလေးတွေ လမ်းမှား မရောက်သွားတာဖြစ်လို့ ကျေးဇူးတင်ကြောင်းကိုလည်း ထွက်ဆိုခိုင်းခဲ့ပေမဲ့ ဒီနေ့ချိန်ထိ ပြန်မလွှတ်ပေးသေးလို့ မိဘတွေ အရမ်းစိုးရိမ်နေကြတယ်” လို့ ပူတာအိုဒေသခံက ပြောပါတယ်။
ဖမ်းဆီးခံ လူငယ် ၆ ဦးဟာ ခေါင်လန်ဖူးဒေသမှ ပူတာအိုမြို့ဘက်ကိုလည်း အခုမှ ပထမဆုံးအကြိမ် ရောက်လာကြတဲ့ လူငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။
ဖေနောင်းအောင်(ပူတာအို)