စစ်ကောင်စီလက်အောက်မှာ အလုပ်မလုပ်ချင်လို့ CDM လုပ်နေတဲ့ ဆေးဝါးစက်ရုံတွေက ဝန်ထမ်း ၂၀၀ ကျော်ကို ဝန်ထမ်းအဖြစ်ကနေ လုံးဝ ထုတ်ပစ်လိုက်တယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။
အင်းစိန်နဲ့ ကျောက်ဆည် (အင်ရောင်း) မှာရှိတဲ့ ဘီပီအိုင်ဆေးဝါးစက်ရုံက ဝန်ထမ်းတွေကို အခု မေလထဲမှာ ထုတ်ပစ်နေတာပါ။
CDM ဝန်ထမ်းတွေကို စစ်ကောင်စီလက်အောက်အလုပ်နေတဲ့ ဌာနအကြီးအကဲတွေက အရေးယူရာမှာ အစောပိုင်းကတော့ ဝန်ထမ်းအဖြစ်က ယာယီထုတ်ပယ်ခဲ့ပြီး ဒီနောက်ပိုင်းမှာတော့ ရာထူးက ထုတ်ပယ်တာကို တွေ့ရပါတယ်။
အခု ဆေးဝါးစက်ရုံက ဝန်ထမ်းတွေကိုတော့ ဝန်ထမ်းအဖြစ်က ထုတ်ပစ်(Dismiss)တာ ဖြစ်လို့ ဝန်ထမ်းဥပဒေအရဆိုရင် နိုင်ငံ့ဝန်ထမ်းလုပ်ခွင့် မရှိတော့တာပါ။
မေ ၁၀ ရက်ကတော့ အင်းစိန်ဆေးဝါးစက်ရုံက ဝန်ထမ်း ၁၉၀ ကျော်ကို ထုတ်ပစ်ပြီး ကျောက်ဆည်မှာတော့ တစ်ကြိမ်ကို အယောက် ၂၀ စီ ဖြုတ်ပစ်နေပါတယ်။
"ပထမက အရာရှိ ၃ ယောက်၊ ဒုတိယက နေ့စား ၁၂ ယောက်၊ မနေ့က ကျမ အပါအဝင်အယောက် ၂၀၊ အခုလည်း အယောက် ၂၀၊ ၂၀ စီဆက်တိုက်ဖြုတ်မယ်ထင်ပါရဲ့။ အလုပ်ရုံစုမှူးကနေ အထွေထွေလုပ်သားအထိ ရာထူးအစုံပါပဲ" လို့ ကျောက်ဆည် အင်ရောင်း ဆေးဝါးစက်ရုံ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
အင်ရောင်းစက်ရုံမှာ ဝန်ထမ်း ၄၀၀ ကျော်ရှိပြီး ၁၃၀ ကျော် CDM လုပ်နေကြတာပါ။
ဝန်ထမ်းတွေကို ခွင့်မဲ့ပျက်ကွက်တဲ့ရက် (CDM စလုပ်တဲ့ရက်) က စပြီး ဝန်ထမ်းအဖြစ်က ထုတ်ပစ်တာ ဖြစ်ပါတယ်။
ကာယကံရှင်၀န်ထမ်းတွေဟာ ပြစ်ဒဏ်ကို မကျေနပ်ရင် အမိန့်စာ လက်ခံရတဲ့နေ့ကနေ ၆ လအတွင်း အယူခံဝင်နိုင်တယ်လို့ဆိုပေမဲ့ မဝင်ဘူးလို့ ဝန်ထမ်းတွေက ပြောပါတယ်။
"အလုပ်ထုတ်တဲ့ စာရင်းကို အောင်စာရင်းလိုမျိုးစောင့်နေခဲ့ကြတာ။ ဒီစာထွက်လာရင် အချင်းချင်း Congratulaion လုပ်ကြတယ်။ နောင်တချိန်မှာ ဘယ်သူ့သမိုင်းက ကောင်းမလဲ ဆိုတာ တွေ့လာရမှာပါ။ ဘယ်သူမှ အယူခံဝင်မယ် မထင်ပါဘူး။ ကျနော်လည်းမဝင်ဘူး" လို့ အင်းစိန်ဆေးဝါးစက်ရုံဝန်ထမ်းတစ်ဦး ပြောပါတယ်။