ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ဖွဲ့ဝင် ၁ ဦးဟာ အာဏာဖီဆန်အကြမ်းမဖက်လှုပ်ရှားမှု CDM မှာ ပြည်သူနဲ့ အတူ ပူးပေါင်း ပါဝင်လာပါတယ်။
ကျောင်းစိုးကျေးရွာ နယ်ထိန်း ရဲတပ်သားသီဟဇော်ဟာ မေလ ၁၂ ရက်မှာ CDM မှာ ပါဝင်လာတာဖြစ်ပြီး ဖြူး၊ ပဲနွယ်ကုန်းနယ်မြေရဲတပ်ဖွဲ့စခန်းမှ ပထမဆုံး CDM မှာ ပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်လည်း ဖြစ်ပါတယ်။
ပဲနွယ်ကုန်းနယ်မြေ ရဲတပ်ဖွဲ့စခန်းရှိ စခန်းမှူးနဲ့ နယ်ထိန်းခေါင်းဆောင်တို့ဟာ ဥပဒေမဲ့လုပ်ရပ်တွေ ပြုလုပ်နေပြီး ဒေသခံတွေကို လက်နက်အားကိုးနဲ့ နေစဉ် အနိုင်ကျင့်တာတွေ ရှိနေသလို တပ်ဖွဲ့ဝင်တွေ အပေါ်လည်း အာဏာပြချိန်းခြောက်နေတာကြောင့် CDM မှာ ပါဝင်သွားတာ ဖြစ်တယ်လို့ ရဲစခန်းနဲ့နီးစပ်သူက ပြောပါတယ်။
နယ်မြေရဲစခန်းကတော့ ရဲတပ်သားသီဟဇော်နဲ့ ပတ်သက်ပြီး ပစ္စတိုသေနတ်နဲ့ ကျည်ဆန်တွေယူဆောင်သွားတယ်လို့ ဝါဒဖြန့်နေသလို သူ့ကိုအမှုဖွင့် ဖမ်းဝမ်းထုတ်တာတွေလည်း ရှိလာနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။
“အခု CDM မှာ ပါဝင်သွားသူဟာ ရဲတပ်သားရာထူးသာဖြစ်တယ်။ဘယ်လိုလက်နက်ခဲယမ်းမှ ယူဆောင်မှုမရှိသလို စခန်းမှာလည်း ပစ္စတိုသေနတ်ရှိတာ မကြားမိ မမြင်မိဘူး။ အခု CDM မှာ ပါဝင်တဲ့ ရဲတပ်သားအပေါ် အမှုကြီးစေဖို့ လုပ်ကြံမှုဖြစ်နိုင်တယ်”လို့ ဒေသခံ တစ်ဦးက သုံးသပ်ပါတယ်။
ပဲနွယ်ကုန်းနယ်မြေရဲတပ်ဖွဲ့စခန်းဟာ အာဏာသိမ်းပြီးနောက်ပိုင်း ဆိုင်ကယ်စီး ပြည်သူတစ်ဦးကို အကြောင်းမဲ့ သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး လက်နက်တွေ့ရှိတယ်ဆိုပြီး လုပ်ကြံသတင်းတွေ ထုတ်လွှင့်ခဲ့တာ၊ မြို့နေပြည်သူတွေကိုအကြောင်းမဲ့ စစ်ဆေးရိုက်နှိက်တာတွေ ပြုလုပ်နေတဲ့ ရဲခန်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။