Home
မြန်မာသတင်း
ဘားအံဆွေးနွေးပွဲ ရလဒ်ပေါ်မူတည်ပြီး RCSS အပစ်ရပ် လက်မှတ်ထိုးမည်
နန်းမြနဒီ
·
November 13, 2013
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဘားအံမြို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရလဒ်တွေကို လေ့လာသုံးသပ်ပြီးမှ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဘုံသဘောတူညီချက်မှာ ပါဝင်လက်မှတ်ထိုးမယ်လို့ ရှမ်ပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က သဘောထားထုတ်ပြန်လိုက်ပါတယ်။ rcss copyလိုင်ဇာဆွေးနွေးပွဲမှာ ရရှိခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ဘုံသဘောထားရပ်တည်ချက် ၁၁ ချက်ကို သဘောတူပေမယ့် လက်မှတ်ရေးထိုးမှုကို ဒီဇင်ဘာ ကျင်းပမယ့် ကရင်ပြည်နယ် ဘားအံ  ဆွေးနွေးပွဲရလဒ်ပေါ်မှာ မူတည်ပြီးမှ လက်မှတ်ထိုးမယ်လို့ နိုဝင်ဘာလ ၉ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေဟာ အပစ်အခတ်ရပ်စဲရေးကို အပြည့်အ၀ အာမခံချက်ပေးနိုင်တဲ့ အခြေအနေရှိပါမှာ ပါဝင် လက်မှတ်ရေးထိုးနိုင်မယ်လို့ RCSS အဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။ “အပစ်ခတ်ရပ်ထားပေမယ့်လည်း ပစ်ခတ်မှုတွေ ရှိနေတယ်။ ဒါကြောင့်မို့ ပစ်ခတ်မှုတွေ မဖြစ်အောင် အာမခံချက်ပေးနိုင်ဖို့ သက်ဆိုင်တဲ့ သူတွေအားလုံး ပါဝင်လက်မှတ်ထိုးဖို့ လိုအပ်တယ်။ အရင်တုန်းက ကျနော်တို့ လက်မှတ်ထိုးထားတဲ့ ၃ ကြိမ်စလုံးမှာ သက်ဆိုင်သူတွေမပါဘူး။ တပ်တွေကို ကြီးကြပ်အမိန့်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေ မပါဘူး။ ဒါကြောင့် အစိုးရနဲ့ သဘောတူချက်တွေအတိုင်း ဆောင်ရွက်ရာမှာ အခက်အခဲတွေရှိတယ်။ ပါဝင်သင့်သူဆိုတာ ကာကွယ်ရေးဦးစီးချုပ်တို့၊ စစ်ဦးစီးချုပ်၊ စစ်တိုင်းဌာနချုပ်က ပုဂ္ဂိုလ်တွေလိုပေါ့။” ဘားအံဆွေးနွေးပွဲမတိုင်ခင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီရဲ့ သဘောထားနဲ့ အကြံပြုချက်တွေကိုလည်း သက်ဆိုင်ရာ  တနိုင်ငံလုံး အပစ်ခတ်ရပ်ရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ NCCT နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC တို့ဆီပါ ကြိုတင်ပေးပို့ထားမယ်လို့ ဆိုပါတယ်။ “အပစ်ခတ်ရပ်စဲရေး နဲ့ နိုင်ငံရေးဆွေးနွေးပွဲကို တွဲပြီးမလုပ်ဖို့၊ သပ်သပ်စီလုပ်ဖို့၊  အပစ်ခတ်ရပ်စဲရေးမှာ စစ်တပ်ပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တွေ အဓိက ပါဝင်ဖို့၊ နိုင်ငံရေးပိုင်းမှာတော့ နိုင်ငံရေးဆွေးနွေးပွဲကိုလည်း ရက်အတိအကျ သတ်မှတ်ပြီးရင် လက်နက်ကိုင်အဖွဲ့တခုတည်းနဲ့ မပြီးဘဲ ပါဝင်သင့်သူတွေ အားလုံးပါဝင်ဖို့၊ သူတို့သဘောထားတွေ ပါဝင်ဖို့ ဖြစ်ပါတယ်။” အောက်တိုဘာလ ၃၀ ကနေ နိုဝင်ဘာလ ၂ ရက်ထိ လိုင်ဇာမှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဆွေးနွေးပွဲမှာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု စနစ်ထူထောင်ဖို့နဲ့ ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းဖို့အပါဝင် အချက် ၁၁ ချက်ကို သဘောတူညီမှု ရရှိထားတာပါ။ လိုင်ဇာဆွေးနွေးပွဲအပြီး မြစ်ကြီးနားမှာ ကျင်းပတဲ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ဆွေးနွေးပွဲမှာတော့ တပြည်လုံး အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲတွေ ဆက်လက်ပြုလုပ်ဖို့နဲ့ ဒီဇင်ဘာလတွင်းမှာ ဖားအံမှာ တွေ့ဆုံဖို့ သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024