ပုဒ်မ ၁၈ ဖျက်သိမ်းဖို့ လွှတ်တော်တင်တာ မအောင်မြင်
ရွှေအောင်
·
November 13, 2013
ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖျက်သိမ်းပေးဖို့ လွှတ်တော်မှာ တင်ပြခဲ့ပေမယ့် ပြည်ထဲရေးဝန်ကြီးဌာနက ငြင်းဆန်တဲ့အတွက် မအောင်မြင်ခဲ့ပါဘူး။
တရားစီရင်ရေး၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်ဖို့နဲ့ ပုဒ်မ ၁၈ ဖျက်သိမ်းပေးဖို့ ဒီနေ့ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့ပြီး အန်အယ်လ်ဒီ ကိုယ်စားလှယ် ဦးဝင်းမြင့်က ထောက်ခံဆွေးနွေးခဲ့ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြစ်မှုပြစ်ဒဏ်အခန်းမပါရင် ဥပဒေအားနည်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်မခံတာလို့ လွှတ်တော်တက်ခဲ့တဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။
ဒီအပေါ် လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြည်သူအတွက် အကျိုးမရှိရင် ဥပဒေပြင်သင့်ပြင်ရမယ်၊ သက်ဆိုင်ရာ လွှတ်တော်ကော်မတီတွေ ပြန်လည်သုံးသပ်ကြဖို့ မှတ်ချက်ပေးပြောဆိုခဲ့ပါတယ်။
မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းနဲ့ ဆက်သွယ်မေးမြန်းထားတာ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။