Home
မြန်မာသတင်း
NUG အစိုးရနှင့် ဂျပန်ကာကွယ်ရေးဝန်ကြီးဟောင်း တွေ့ဆုံဆွေးနွေး
DVB
·
May 12, 2021

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းနဲ့ ကာကွယ်ရေးဒုဝန်ကြီး ဒေါ်ခင်မမမမျိုးတို့ဟာ မေလ ၁၁ ရက်နေ့က ဂျပန်ကာကွယ်ရေး ဝန်ကြီးဟောင်း နခတာနီ ဦးဆောင်တဲ့ လူ့အခွင့်အရေးဆိုင်ရာပါတီပေါင်းစုံ ဂျပန်ပါလီမန်အဖွဲ့နဲ့ အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဟောင်းဦးဆောင်တဲ့ အဆိုပါအဖွဲ့ဟာ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်နေတဲ့ နိုင်ငံတွေအပေါ် ဂျပန်နိုင်ငံအနေနဲ့ အပြစ်ပေးအရေးယူနိုင်တဲ့ ဥပဒေတစ်ရပ် ရေးဆွဲအတည်ပြုနိုင်ဖို့ ကြိုးစားနေတဲ့ LDP အာဏာရပါတီ လွှတ်တော်အမတ်တွေ ပါဝင်တဲ့ လွှတ်တော်တွင်းအဖွဲ့ကြီးတခု ဖြစ်ပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ ဂျပန်အကျိုးစီးပွားကို တိုက်ရိုက် ထိခိုက်တဲ့ လုပ်ဆောင်မှုမျိုးကို  မြောက်ကိုရီးယားအစိုးရအပေါ်မှာသာ ချမှတ်ဆောင်ရွက်ခဲ့ပေမဲ့ အခုချိန်မြန်မာနိုင်ငံကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်မှု ဆိုးဆိုးဝါးဝါးဖြစ်နေတဲ့  နိုင်ငံမျိုးကို အရေးယူနိုင်မယ့် ဥပဒေပြဋ္ဌာန်း နိုင်ရေး ကြိုးစားနေကြောင်း  တွေ့ဆုံပွဲမှာပြောကြားခဲ့တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဒီဗွီဘီကို ပြောပါတယ်။

အကြမ်းဖက် အာဏာသိမ်းမြန်မာစစ်ကောင်စီက ပြည်သူအပေါ်ဆက်လက်ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ရာဇဝတ်မှု အခြေအနေတွေနဲ့ လက်ရှိအမျိုးသားညီညွတ်ရေး အစိုးရက ဖွဲ့စည်းထားရှိတဲ့ PDF စစ်ရေးဆိုင်ရာမူဝါဒတွေ၊ PDF တပ်မတော် ဖွဲ့စည်းရာမှာ အဖွဲ့ဝင်စစ်သည်တော်တိုင်း လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး အရည်ချင်းပြည့်ဝတဲ့ ပြည်သူ့ကာကွယ်‌ ရေးတပ်ဖွဲ့၀င်တွေ ဖြစ်စေရေးအတွက်  စစ်ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းကမ်းကျင့်ဝတ်တွေကို နိုင်ငံတကာစစ်ပွဲဆိုင်ရာ ဥပဒေတွေနဲ့အညီ လုပ်ဆောင်သွားဖို့ ပြင်ဆင်ဆောင်ရွက်ထားတဲ့အကြောင်း  ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

ဂျပန်အစိုးရ အနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို အားပေးကူညီတဲ့ကိစ္စတွေ မဖြစ်စေဖို့၊ တစ်ချိန်တည်းမှာပဲ စီးပွားရေးပိတ်ဆို့မှုတွေ  ဆက်တိုက်အရေးယူဆောင်ရွက်ဖို့၊ ရင်းနှီးမြှုပ်နှံမှုအားလုံးကို တားဆီးပေးဖို့နဲ့ ဂျပန်အစိုးရအနေနဲ့ NUG နဲ့ တိုက်ရိုက်ပူးပေါင်း ဆောင်ရွက်ပြီး လူသားချင်းစာနာမှုအကူအညီ၊ အထောက်အပံ့ အစီအစဉ်တွေ အကောင်အထည် ဖော်ဆောင်ဖို့ တိုက်တွန်း‌ ဆွေးနွေးပြောကြားခဲ့တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကတော့ အခုလို ဆွေးနွေးပွဲကနေ တဆင့် ရင်းနှီးစွာဆက်ဆံမှုတွေ ပိုမိုရှိလာပြီး ဂျပန်နိုင်ငံနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပိုမိုလက်တွဲဆောင်ရွက်လာနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ကြောင်း ပြောပါတယ်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဟောင်းဦးဆောင်တဲ့အဖွဲ့ဟာ မြန်မာအပါအဝင် လူ့အခွင့်အရေးချိုးဖောက်တဲ့ နိုင်ငံတွေအပေါ် အရေးယူပိတ်ဆို့နိုင်ရေး ဥပဒေကြမ်းတခုကို ရေးဆွဲတင်ပြကြားနားပွဲတစ်ခု  တိုကျိုမြို့ ချီယိုဒရှိ လွှတ်တော်အမတ်များ အဆောက်အုံအမှတ်(၁)မှာ  ဧပြီ ၆ ရက်နေ့က  ပြုလုပ်ခဲ့ပါတယ်။

ဇော်ဇော်လှိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024