မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တလုပ်မြို့အတွင်းကို မေလ ၁၁ ရက် နေ့လည်ပိုင်းကစပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတာကြောင့် အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် DRPA၊ မြို့ပြပျောက်ကြားစစ်သည်တော်တွေနဲ့ မြင်းခြံက ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး တိုက်ခိုက်နေကြပါတယ်။
လက်ရှိမြင်းခြံက ည ၈နာရီ နောက်ပိုင်းအခြေအနေတွေကို DRPA ရဲ့ ယာယီဒုဦးစီးချုပ်က " စစ်ကောင်စီဘက်က ပြည်သူတွေကို ပတ်ပတ်လည် ဝိုင်းထားတယ်။ တလုပ်တောင်ကုန်းမှာ သူတို့တွေ အဓိက နေရာယူထားတယ်။ နှစ်ဖက်လုံး ဒဏ်ရာရသူတွေ ရှိနေတယ်။ သူတို့ဘက်က RPG ပါ ပါလာတယ်။ အခြေအနေက ဒီည စိုးရိမ်ရတယ်။ စစ်ကောင်စီဘက်က စစ်ကားတွေ တစ်စီးပြီးတစ်စီးအင်အားဖြည့်နေတယ်။ အခုက မြင်းခြံ ပြည်သူ့ကာကွယ်ရေးတပ်ရယ် ပြည်သူတွေရယ် DRPA က ရဲဘော်တွေရယ် ပေါင်းတိုက်ကြတာဖြစ်တယ်။ အခုအခြေအနေအရ အနီးအနားက မြို့နယ်တွေက ပြည်သူ့ကာကွယ်ရေးတပ်တွေ လာကူညီဖို့လိုတယ်။ မဟုတ်ရင် တလုပ်က ဒီည အသေအဖိခံရလိမ့်မယ်'' လို့ ပြောပါတယ်။
တိုက်ပွဲမှာ အာဏာသိမ်းစစ်ကောင်စီဘက်က တစ်ယောက်သေပြီး သုံးဦး ဒဏ်ရာအပြင်းအထန်ရထားတယ်လို့ DRPA က ထုတ်ပြန်ထားပါတယ်။ DRPA ဘက်ကလည်း ဒဏ်ရာရသူတွေရှိနေပြီး ညပိုင်းအထိ တိုက်ပွဲအခြေအနေပြင်းထန်နေဆဲ ဖြစ်ပါတယ်။