ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မမုံရွာမှာ သပိတ်ဦးဆောင်သူတွေလို့ ယူဆသူတွေအပါအဝင် အနည်းဆုံး ရွာသား ၈ ဦးကို စစ်ကောင်စီတပ်တွေက မေလ ၁၀ ရက် ဒီမနက်မှာ ဖမ်းဆီးသွားပါတယ်။
ဒေသခံတယောက်က "ဒီမနက် ၅ နာရီကျော်လောက်က အိမ်တွေကို ဝင်ဖမ်းတာ။ ၈ ယောက် ဖမ်းခံရတယ်။ ကိုရှမ်းလေးဆိုရင် အိမ်မှာမရှိလို့ သူ့မိန်းမနဲ့ ကလေး ၃ ယောက်ကို ဖမ်းသွားတယ်။ သူတို့ကတော့ အခု ညနေ ပြန်လွတ်လာပြီလို့သိရတယ်။ တခြားသူတွေတော့ မလွတ်သေးဘူး" လို့ ပြောပါတယ်။
ဝင်ရောက်ရှာဖွေခံရတဲ့အိမ်တွေမှာ ရဲနဲ့စစ်တပ်က မွှေနှောက်ဖျက်ဆီးသွားတာ ရှိတယ်လို့လည်း ဆိုပါတယ်။
မမုံစံပြကျေးရွာဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးကို တက်တက်ကြွကြွလုပ်နေတဲ့ ရွာ တရွာဖြစ်ပြီး မကြာခဏလည်း သပိတ်တွေဖြိုခွဲခံခဲ့ရပါတယ်။