Home
မြန်မာသတင်း
သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို သီးသန့်တရားရုံး၌ လူတွေ့စစ်မေးမည်
DVB
·
May 10, 2021

ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ကို မေလ ၁၀ ရက်နေ့က နေပြည်တော်ဇမ္ဗူသီရိမြို့နယ်တရားရုံးမှာ Video Conferencing နဲ့ ရုံးထုတ်စစ်ဆေးပါတယ်။

ဒီနေ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ နောက်ရုံးချိန်းမှာ စွပ်စွဲခံရသူတွေကို လူတွေ့စစ်မယ့် အကြောင်း တရားသူကြီးကပြောတယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ရှင်းပြပါတယ်။

“တရားသူကြီးက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ ၇ ၊ ၅၊ ၂၀၂၁ ရက်စွဲပါ စာအမှတ် ၁၈၆/၂၀၂၁ အရ စွဲဆိုထားတဲ့အမှုတွေ အကုန်လုံးကို ဇေယျသိဒ္ဓိရပ်ကွက် မြနန်းဘုံသာလမ်းမှာရှိတဲ့ သီးသန့်တရားရုံးမှာပဲ စစ်ဆေးစီရင်မယ်ဆိုပြီး ပြောပါတယ်။ အမှန်တကယ်ကတော့ ဒီနေ့ရုံးချိန်းကို အဲဒီမြနန်းဘုံသာလမ်းမှာ လုပ်ဖို့စီစဉ်ထားပေမယ့်လည်း အဆင်သင့်မဖြစ်သေးတဲ့အတွက် အခုရုံးချိန်းကို ဒီတရားရုံးမှာပဲလုပ်ပြီး နောက်ရုံးချိန်းကို မြနန်းဘုံသာလမ်းမှာရှိတဲ့ သီးသန့်တရားရုံးမှာပဲ လုပ်မယ်လို့ ပြောပါတယ် ” လို့ ဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေတွေနဲ့ လူချင်းတွေ့ခွင့် တောင်းထားတဲ့ကိကိစ္စ အခြေနေမေးတဲ့အခါမှာ တရားသူကြီးက Video Conferencing နဲ့မဟုတ်တော့ဘဲ တရားခွင်ပုံစံအတိုင်းပဲသွားမှာ ဖြစ်တဲ့အတွက်ကြောင့် လူချင်းတွေ့ဖို့ အဆင်ပြေသွားမယ်လို့ ထင်ပါတယ်လို့ ပြောသလို ရဲတပ်ဖွဲ့ဘက်ကလည်း လူချင်းတွေ့ဆုံခွင့်ရဖို့ အဆင့်ဆင့်တင်ပြဆောင်ရွက်ပေးနေတာကို တရားခွင်မှာ တင်ပြခဲ့တယ်လို့လည်း သိရပါ တယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီက သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့ ၂ မှု ၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(ခ)၊ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃ တို့နဲ့ စုစုပေါင်း အမှု ၆ မှုနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

အလားတူ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅(ခ)တို့နဲ့ တရားစွဲဆိုထားသလို  နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်ကို လည်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(ခ)တရားစွဲဆိုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024