တစ်ပတ်အတွင်း မြန်မာ့ရွှေဈေး တစ်ကျပ်သားကို ငွေကျပ် ၉ သောင်းနီးပါး မြင့်တက်

မြန်မာ့ရွှေဈေးဟာ တစ်ပတ်အတွင်းမှာ တစ်ကျပ်သားကို ငွေကျပ် ၉ သောင်းနီးပါး ဈေးတက်ခဲ့ပြီး မေ ၈ ရက်နေ့မှာ အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ် ၁၅ သိန်း ၃ သောင်းကျော် ဈေးပေါက်ခဲ့ပါတယ်။
ရွှေဈေးကွက်ထဲမှာ ရောင်းလိုအားထက် ဝယ်လိုအား အရမ်းမြင့်တက်လာတာကြောင့် သမိုင်းတလျှောက် စံချိန်တင်အမြင့်ဆုံးဈေးကို ရောက်နေတာလို့ ရွှေလုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေတန်ဖိုးနိမ့်လာပြီး ဒေါ်လာဈေးနဲ့ ရွှေဈေး မြင့်တက်လာတာ ဖြစ်ပါတယ်။
ကမ္ဘာရွှေဈေးကလည်း ဧပြီလဆန်းပိုင်းမှာ တစ်အောင်စကို ဒေါ်လာ ၁၇၃၀ ဝန်းကျင်ဈေးပေါက်နေရာက မေ ၈ ရက်နေ့မှာ တစ်အောင်စကို ဒေါ်လာ ၁၈၃၀ ဝန်းကျင်အထိ ဈေးတက်ခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းထားတဲ့ သုံးလကျော်ကာလအတွင်းမှာ မြန်မာ့အခေါက်ရွှေဈေးက တစ်ကျပ်သားကို ကျပ် နှစ်သိန်းဝန်းကျင်အထိ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံရေးမတည်ငြိမ်တဲ့အချိန်မှာ ဘဏ်စနစ်တွေ ရပ်ဆိုင်းလုနီးပါးဖြစ်လာတဲ့အတွက် ပြည်သူတွေက ဘဏ်မှာငွေမထားချင်တော့ဘဲ ကျပ်ငွေအစား ရွှေနဲ့ ဒေါ်လာဘက်ကို ပြောင်းပြီး ရင်းနှီးမြှုပ်နှံလာတာလို့ စီးပွားရေးကျွမ်းကျင်သူတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဗဟိုဘဏ် တာဝန်ရှိသူကတော့ ဘဏ်တွေ ဖျက်သိမ်းမယ့် အစီအစဉ် လုံးဝမရှိကြောင်းနဲ့ ပြည်သူတွေရဲ့ ဘဏ်ငွေစာရင်းတွေထဲက ငွေတွေ ဆုံးရှုံးရမှာမဟုတ်ဘူးလို့ စစ်တပ် ထိန်းချုပ်ထားတဲ့ သတင်းစာတွေကနေတဆင့် ပြောဆိုပေမယ့် ပြည်သူတွေကတော့ အဲဒီစကားတွေအပေါ် အယုံအကြည်မရှိ ဖြစ်နေပါတယ်။