ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူ့အာဏာ ဆက်လက် တည်မြဲဖို့ တိုင်းပြည်အာဏာသိမ်းခဲ့တာကို စစ်ခေါင်းဆောင်တွေနဲ့ အရာရှိစစ်သည်တွေ ဆက်ထောက်ခံနေရင် တပ်မတော် ပြိုကွဲသွားလိမ့်မယ်လို့ CDM လုပ်ဆောင်နေတဲ့ တပ်မတော်အရာရှိစစ်သည်တွေက သတိပေး ပြောကြားလိုက်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူ အာဏာဆက်လက်တည်မြဲဖို့ ရွေးကောက်ပွဲ မဲစာရင်းမှားတာကို အကြောင်းပြပြီး အာဏာသိမ်းယူခဲ့တာဖြစ်တယ်လို့ အာဏာဖီဆန်မှုမှာ ပါဝင်လာတဲ့ တပ်မတော်အရာရှိ၊ စစ်သည်တွေက ပြောပါတယ်။
အခုလိုလုပ်ဆောင်ချက်ကို တပ်ထဲက တခြားထိပ်ပိုင်းခေါင်းဆောင်တွေ သိသိကြီးနဲ့ ဝိုင်းဝန်းလိမ်လည်ပေးနေတာတွေ ဆက်လုပ်နေရင် တပ်မတော်ပြိုကွဲတော့မယ်လို့ CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။
စစ်မှုထမ်းဥပဒေအရ အသက် ၆၅ နှစ်ပြည့်သွားတဲ့ ကာကွယ်ရေးဦးစီးချုပ်ဟာ အငြိမ်းစားယူရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ရာထူးရယူကာ တိုင်းပြည်အာဏာသိမ်းပြီး ထပ်မံအုပ်ချုပ်နေတာ ဖြစ်ပါတယ်။
တပ်မတော်သားတချို့ကတော့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ မိသားစုအကျိုးစီးပွားကို ကာကွယ်နိုင်ဖို့ အာဏာသိမ်းယူခဲ့တာလို့ ထင်မြင်ချက်တွေလည်း ရှိနေတယ်လို့ ဗိုလ်ကြီးညီသုတက ဆိုပါတယ်။
လက်ရှိအချိန်မှာ စစ်အာဏာသိမ်းမှုကို မလိုလားတဲ့ တပ်မတော်အရာရှိစစ်သည် ရာနဲ့ချီ ရှိနေပြီး မိခင်တပ်ရင်းတွေကို စွန့်ခွာကာ အာဏာဖီဆန်နေကြပါတယ်။