စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်က ကျောင်းသား မိဘ ဆရာတွေ အင်အားထောင်ချီပါဝင်တဲ့ ပူးပေါင်းသပိတ်ဟာ စစ်ကျွန်ပညာရေးဆန့်ကျင်ရေးနဲ့ စစ်အာဏာရှင်အပြီး တိုင်ဖြုတ်ချရေးအတွက် မေလ ၇ ရက်နေ့က ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြပါတယ်။
သပိတ်မှာပါဝင်တဲ့ CDM ပါ ပညာရေးဝန်ထမ်းတစ်ဦးက "စစ်အာဏာရှင်လက်အောက်မှာ ပညာသင်ကြားခဲ့ရစဉ်က အရည်အချင်းတွေနိမ့်ကျခဲ့ရဖူးလို့ မိမိတို့ရဲ့ အနာဂတ်မျိုးဆက်သစ်တွေကို စစ်အာဏာရှင်လက်အောက် စစ်ကျွန်ပညာရေးကို မသင်ကြားစေချင်သလို မိမိအနေနဲ့လည်း စစ်အာဏာရှင်လက်အောက်မှာ တာဝန်မထမ်းဆောင်ဘူးလို့" ပြောပါတယ်။
ကျောင်းသူလေးတစ်ဦးကလည်း"အကြမ်းဖက်စစ်ကောင်စီကပြုလုပ်မယ့် ကျောင်းအပ်နှံရေးအချိန် ရောက်ရင် မိဘတွေအနေနဲ့လည်း မိမိတို့သားသမီးတွေကို ကျောင်းမအပ်ကြဖို့နဲ့ ကျောင်းသားကျောင်းသူတွေကလည်း ကျောင်းမတက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်” လို့ ပြောပါတယ်။
ဆန္ဒပြသူတွေက လမ်းလျှောက်သပိတ် ထိုင်သပိတ်တွေပြုလုပ်ခဲ့ကြသလို ထန်းတောကြီး အထက်တန်းကျောင်းပေါက်အဝင်မှာလည်း Paper Strike သပိတ် ပြုလုပ်ခဲ့ကြပါတယ်။
ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့ ပူးပေါင်းသပိတ်ဟာ အကြမ်းဖက်စစ်ကောင်စီကို ပုံစံမျိုးစုံနဲ့ ဆန့်ကျင်တော်လှန်ခဲ့တာ ရက်ပေါင်း ၅၈ ရက်မြောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။