မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ မိုးရာသီကာလရောက်လာတာနဲ့အမျှ သွေးလွန်တုပ်ကွေးရောဂါတွေ စတင်ဖြစ်ပေါ်လာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
အခုလို ရာသီဥတု ပူရာကနေ မိုးရွာသွန်းပြီး တဖန်ပြန်အေးလိုက် ဖြစ်တာကြောင့် သွေးလွန် တုပ်ကွေးခြင်တွေကနေ တဆင့် စတင် ရောဂါ ဖြစ်ပွားလာပြီးတော့ ရာသီသွေးလွန်တုပ်ကွေးရောဂါ ၁၀ နှစ်အောက် ကလေးတွေမှာ ပိုမိုဖြစ်များလာတာတွေ့ရတယ်လို့ ဒေသခံဆရာဝန်တဦးက ပြောပါတယ်။
သွေးလွန်တုပ်ကွေးရောဂါ ကလေးတွေမှာအဖြစ်များလာပေမဲ့ မြို့ပေါ် ဆေးပေးဆေးခန်းတွေနဲ့ နယ်ကျေးရွာဘက်ဆေးခန်းတွေမှာ ဆရာဝန်တွေ မရှိတာကြောင့် ဆေးခန်းပြဖို့ အခက်ခဲတွေရှိကြတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
စစ်ကောင်စီကို အာဏာဖီဆန်တဲ့အနေနဲ့ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေက အစ CDM မှာ ပါဝင်နေကြတာဖြစ်ပါတယ်။ ကျန်းမာရေးဝန်းထမ်းတချို့ကတော့ စစ်ကောင်စီရဲ့ ဖမ်းဆီးအရေးယူမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။