မြန်မာပြည်သူ ၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင်ဆောင်တွေကို လူသတ်မှုနဲ့ အမှုဖွင့်ပေးဖို့ တိုကျိုမြို့ ချီယိုဒရှိ ဂျပန်ရဲချုပ်ရုံးကို ဂျပန်နိုင်ငံရောက်မြန်မာတွေက မေလ ၆ ရက် ဒီနေ့ညနေပိုင်းကသွား ရောက်တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
“ဒီနေ့အထိအကြမ်းဖက်လူသတ်နေတဲ့ အာဏာသိမ်းစစ်ကောင်စီက မြန်မာပြည်သူတွေကို အကြောင်းမဲ့ မတရားသတ်နေကြတာ ပြည်သူ ၇၀၀ ကျော်ရှိနေပြီ ဒါကို ဂျပန်ရဲတွေအနေနဲ့ နိုင်ငံတကာအင်တာပိုရဲတွေနဲ့ပေါင်းပြီး ဖမ်းဝရမ်းထုတ်ပေးဖို့ လာရောက်တောင်းဆိုတာ”လို့ ဆန္ဒပြသူတဦးဖြစ်တဲ့ ဒေါက်တာစန်းစန်းမေဖြိုးအောင်က ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင်တွေ ဂျပန်နိုင်ငံကို လာရင် ချက်ချင်းဖမ်းဆီးပေးဖို့လည်း ဆန္ဒပြသူတွေက ကြွေးကြော်နေကြတာကိုလည်း တွေ့ရပါတယ်။
ဦးဆောင်သူတဦးဖြစ်တဲ့ ဦးမြင့်ဆွေက “ အခုဒီနေ့ စာရွတ်စာတမ်းတွေ အပြည့်အစုံပါပါတယ်။ ဒါပေမဲ့ ဒီရဲချုပ်ရုံးက ညွှန်ပြပေးလို့ အဆင့်ဆင့်လုပ်ဖို့ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ မြန်မာပြည်သူတွေအတွက် မဖြစ်ဖြစ်အောင် ဂျပန်ရှေ့နေတွေနဲ့ ပူးပေါင်းပြီးအဆုံးထိရအောင် လုပ်သွားမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့က အင်ဒိုနီးရှားမှာကျင်းပတဲ့ အာဆီယံခေါင်းဆောင်များ အစည်းအဝေးတက်ဖို့လာတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဆီးနိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG က နိုင်ငံတကာရဲတပ်ဖွဲ့ INTERPOL ထံ တောင်းဆိုခဲ့ပါသေးတယ်။