အာဏာသိမ်း စစ်ကောင်စီအကြမ်းဖက်အဖွဲ့နဲ့ လက်တွဲဖြုတ်ဖို့ အတွက် ရခိုင်အမျိုးသားပါတီ ANP ဗဟိုအလုပ်မှုဆောင်အဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။
အာဏာသိမ်းစစ်တပ်က ဖွဲ့စည်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ အေအန်ပီပါတီရဲ့ မူဝါဒရေးရာဉီးဆောင်ကော်မတီဝင် ဒေါ်အေးနုစိန်ပါဝင်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုတွေရှိခဲ့တာပါ။
ဒါပေမဲ့ အေအန်ပီပါတီရဲ့ ပြည်နယ်အုပ်ချုပ်ရေး ဥက္ကဋ္ဌနေရာအပါအဝင် ကောင်စီအဖွဲ့ဝင်နေရာတောင်းဆိုချက်၊ ရခိုင်ပြည်နယ်အစိုးရရဲ့ ဝန်ကြီးနေရာအများစုကို ရရှိရေး တောင်းဆိုချက်အပါအဝင် တောင်းဆိုချက်အများစုကို စစ်ကောင်စီဘက်က လက်ရှိအချိန်ထိ မလိုက်လျောခဲ့ပါဘူး။
ဒါကြောင့် လက်တွဲဖြုတ်ဖို့အတွက် ပါတီ ဗဟိုအလုပ်မှုဆောင်အစည်းအဝေးက ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ အေအန်ပီပါတီ ခေါင်းဆောင်က ပြောပါတယ်။
ဒီဆုံးဖြတ်ဟာ ပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်ဖြစ်ပေမယ့် ဗဟိုကော်မတီအစည်းအဝေးခေါ်ယူပြီး အတည်ပြုရဦးမှာဖြစ်လို့ အတည်မဟုတ်သေးဘူးလို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဉီးဖေသန်းကပြောပါတယ်။
ဒီလိုမျိုး ပေါင်းလိုက်ခွာလိုက်လုပ်တာဟာ ရန်သူပိုများစေပြီး ပါတီဗဟိုကော်မတီအစည်းအဝေးရဲ့ အတည်ပြုချက်မရခင် ဒီလိုကိစ္စတွေကို ထုတ်ပြောတာဟာ ပါတီတွင်း အကွဲအပြဲတွေဖြစ်စေလိမ့်မယ်လို့လည်း သတိပေးပါတယ်။
စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ဒေါ်အေးနုစိန်ကိုပဲ စစ်အုပ်စုက ကမ်းလှမ်းခဲ့တာဖြစ်ပြီး ပါတီကို ကမ်းလှမ်းခဲ့တာမျိုးမဟုတ်ဘူးလို့လည်းပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါတယ်။
တကယ်လို့ စစ်ကောင်စီနဲ့လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်ချက်အတည်ဖြစ်ခဲ့မယ်ဆိုရင်လည်း ဒေါ်အေးနုစိန် စစ်ကောင်စီဝင် ဖြစ်မှုဟာ သူကိုယ်တိုင်ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်တယ်လို့ဆိုပါတယ်။