မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ မြို့နယ် ပညာရေးမှူး ဒေါ်ခင်ထွေးရီက ပညာရေးဝန်ထမ်းတွေကို အတင်းအကြပ်ဖိအားပေးပြီး ကျောင်းပြန်တက်ခိုင်းနေတယ်လို့ ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
တစ်မြို့နယ်လုံးမှာ ပညာရေးဝန်ထမ်း CDM လုပ်ဆောင်သူ ၈၀၀ လောက်ရှိပြီး လေးလပိုင်း လစာထုတ်ရာမှာ ပညာရေးမှူးရဲ့ ခြိမ်းခြောက်မှုကြောင့် CDM ဆက်လုပ်သူ ၃၀၀ ကျော်သာ ကျန်တော့တယ်လို့ သိရပါတယ်။
လစာထုတ်တဲ့ ဆရာ ဆရာမတွေကို CDM မလုပ်ကြောင်း လက်မှတ်ထိုးခိုင်းပြီး လက်မှတ်မထိုးပဲ လစာထုတ်ပါက CDM လုပ်တာဖြစ်တဲ့အတွက် လစာထုတ်ပြီးနောက်ပိုင်းမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ နဲ့ တရားစွဲဆိုမယ်လို့ ပညာရေးမှူး ဒေါ်ခင်ထွေးရီက ခြိမ်းခြောက် တယ်လို့ သိရပါတယ်။
ဒေသခံပညာရေးဝန်ထမ်းတစ်ဦးက"ကျမတို့အနေနဲ့ ဒီဆရာမကြီးက ခြိမ်းခြောက်လို့သာ ဒီလိုတွေပြန်ပြီး ပါရတယ်ဆိုတဲ့ အဖြစ်ကိုလည်း သိစေချင်တယ်၊ နောက်ပြီးကျ ဆရာမကြီးကိုလည်း ထိထိရောက်ရောက် အရေးယူပေးစေချင်တယ်။ အဲ့ဒီလို ခြိမ်းခြောက်ဖို့ ဆရာမကြီးကို ဖိအားပေးတာက ဒီနွားထိုးကြီးမြို့နယ်က လယ်/အုပ် လေးယောက်ပေါ့။ ဆရာမကြီးက ပညာရေးမှူးတော့မှန်တယ်၊ ၁၁လပိုင်းဆို ပင်စင်သွားမှာပေါ့။ ပင်စင်သွားမှာဆိုတဲ့ခါကျတော့ နွားထိုးကြီးမြို့နယ်က လယ်/အုပ် လေးယောက်ကနေပြီးတော့ သူ့ကို ဖိအားပေးလို့သာ ဒီလို အကြပ်ကိုင်ရပါတယ်ပေါ့။ အဲလိုခြိမ်းခြောက်ရပါတယ်ပေါ့၊ ဆရာမကြီးက ဒီလစာထုတ်ပြီး နောက်ပိုင်းကျတော့ ပြောပြတယ်ပေါ့" လို့ ပြောပါတယ်။
စစ်တပ်မိသားစုဝင်တွေရှိတဲ့ အလယ်တန်းကျောင်းအုပ် ၄ ဦးက မြို့နယ် ပညာရေးမှူးကို ဖိအားပေးပြီး အခုလို လုပ်ဆောင်ခိုင်းတယ်လို့လည်း သိရပါတယ်။
လတ်တလောမှာတော့ မြို့နယ်အတွင်း ရဲတပ်ဖွဲ့တွေဟာ CDM လုပ်ဆောင်နေတဲ့ ပညာရေး ဝန်ထမ်းတွေရဲ့ အမည်စာရင်းတွေကို ကောက်ယူနေတာကြောင့် CDM လုပ်ဆောင်တဲ့ ပညာရေးဝန်ထမ်းတွေ တိမ်းရှောင်နေကြရပါတယ်။