ဇာတ်လမ်းက မေလ ၁ ရက်၊ ည ၈ နာရီ ၁၅ မိနစ်က စတယ်။
ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ အနော်ရထာလမ်းနဲ့ ဗိုလ်ချုပ်လမ်းကြားက ၄၈ လမ်း ရှိ တိုက်ခန်းတွေကနေ ထုံးစံအတိုင်း ည ၈ နာရီထိုးတော့ သံပုံးတီးကြတယ်။ ဖေဖော်ဝါရီ ၂ ရက်ည ၈ နာရီကတည်းက တီးလာတဲ့ သံပုံးတီးသံဟာ တရက်မှ မပျက်ကွက်သလို တချို့ညတွေမှာ ပိုတောင် ကျယ်လောင်တယ်။
ဥပမာ- ပဲခူးမှာ တရက်တည်း လူ ၈၀ ကျော် အသတ်ခံရတဲ့နေ့မျိုးဆို သံပုံးတီးသံတွေက ပိုကျယ်တယ်။ လူထုရဲ့ ရင်ကွဲပက်လက် ဖြစ်သံတွေလို့လည်း ဆိုနိုင်ပါတယ်။
ဒီလို ပုံမှန်သံပုံးတီးလာတဲ့လမ်းမှာ မေလ ၁ ရက် ည ၈ နာရီ ၁၅ မိနစ် သံပုံးတီးသံ ရပ်သွားချိန်မှာပဲ ဖောင်းဒိုင်းဆိုတဲ့ အသံတွေ ကြားလိုက်ရတယ်။ တလမ်းလုံး တိတ်ဆိတ်သွားချိန်မှာ လေးခွတွေ၊ ခဲတွေနဲ့ ပစ်ခတ်သံတွေ ကြားရသလို တိုက်ခန်းက မှန်ကွဲသံတွေလည်း တပြိုင်တည်း ထွက်ပေါ်ခဲ့တယ်။
သိပ်မကြာခင်မှာ လူမှုကွန်ရက်ပေါ် တက်လာတဲ့ ဗီဒီယိုကလစ်တွေမှာ စစ်သားနဲ့ရဲ ဆယ်ယောက်လောက် လေးခွတွေ၊ ခဲတွေနဲ့ တိုက်ခန်းတွေကို ပစ်ခတ်နေပုံတွေ တွေ့မြင်ရတယ်။ ၄၆ လမ်းထဲက အိမ်စီးကားတွေကို ရိုက်ခွဲနေတဲ့ ပုံတွေလည်း တပါတည်း တက်လာတယ်။
ဒီအကြမ်းဖက် ခိုးဆိုးလုနှိုက်ရိုက်တဲ့ တပ်ဖွဲ့တွေ ဘယ်ကလဲ။ အဲဒီအနီးနားတဝိုက် တပ်ဖွဲ့ပြီး ခိုးဆိုးလုနှိုက်ရိုက်နေတဲ့ တပ်ဖွဲ့ဟာ ပုဇွန်တောင်၊ ရေကျော်လမ်းပေါ်က YMBA အဆောက်အဦမှာ တပ်စွဲထားတဲ့ တပ်ဖွဲ့တွေပဲ ဖြစ်တယ်။
အာဏာရူးစစ်ခေါင်းဆောင်နဲ့ ပရောပရီလုပ်နေတဲ့ အမျိုးဘာသာအဖွဲ့တိုက်ကို အသက်ပေး ကာကွယ်ဖို့ စစ်အကြမ်းဖက်အုပ်စု တပ်စွဲနေရာယူထားပြီး အဲဒီရေကျော်တဝိုက်မှာ ဝင်မွှေနေတာ ကြာပြီ။
မွှေစရာလမ်းနဲ့ တိုက်ခန်းမရှိတော့ ဗိုလ်ချုပ်လမ်းကို ဖြတ်ပြီး ဒီဘက်ခြမ်းက ၄၈၊ ၄၇နဲ့ ၄၆ လမ်းဘက်ကို ညဘက်ရောက်လာပြီး လာမွှေတာပဲ ဖြစ်တယ်။ မီးတွေပိတ်၊ မီးတွေပိတ်လို့ အော်ပြီး မီးမပိတ်တဲ့ တိုက်ခန်းတွေကို ခဲနဲ့ပစ်သွားသေးတယ်။
လက်ယဉ်နေပြီး မွှေနေကျအောင် နောက်ည မေ ၂ ရက် ည ၈ နာရီ ၁၅ မိနစ်မှာလည်း စစ်ဓားပြအုပ်စု ၄၈ လမ်းထဲ ရောက်လာပြန်တယ်။ ထုံးစံအတိုင်း သံပုံးတီးသံဆုံးတာနဲ့ တိုက်ခန်းတွေကို ခဲတွေနဲ့ ပစ်တယ်။
ခဏငြိမ်ကျသွားပြီး ‘ဆန္ဒ ဆန္ဒ ပြ ပြ၊ တို့ပြည်သူတွေ ညီရဲ့လားဟေ့၊ ညီတယ်ဟေ့ အရေးတော်ပုံ အောင်ရမည်’ ဆိုတဲ့ ကြွေးကြော်သံတွေ တိုက်ခန်းတွေဆီက ထွက်ပေါ်လာတယ်။
တိုင်ပေးတဲ့သူရဲ့ နောက်ဆုံးအသံ ‘အရေးတော်ပုံအောင်ရမည်’ ဆိုတဲ့ အသံဟာ နာကျင်ခံခက်ပြီး မချိမဆံ့ အော်သံဖြစ်ခဲ့ပြီး ပတ်ဝန်းကျင်တခုလုံး တိတ်ဆိတ်သွားတော့တယ်။
စစ်အကြမ်းဖက်အုပ်စုအသံလည်း ငြိမ်ကျသွားတယ်။ လူထုအသံကြားရုံနဲ့ ငြိမ်ကျပြီး ပြန်ထွက်သွားတဲ့ စစ်အကြမ်းဖက်အုပ်စုဟာ ၄၆ လမ်းနဲ့ ၄၇ လမ်းကြား ဗိုလ်ချုပ်လမ်းပေါ် ရပ်ထားတဲ့ အိမ်စီးကားတွေကို စိတ်ရှိလက်ရှိ ရိုက်နှက်ဖျက်ဆီးကြတော့တယ်။
မှုတ်ဆေးတွေနဲ့ ကားတွေပေါ်မှာ ဆဲဆိုသွားတယ်။ ကြမ္မာငင်ချင်တော့ အဲဒီ မေ ၂ ရက်ညက စစ်အကြမ်းဖက်အုပ်စု ရိုက်နှက်ဖျက်ဆီးသွားတဲ့ ကားပိုင်ရှင်တဦးက အငြိမ်းစားဗိုလ်မှူးကြီး တယောက်ရဲ့ကား ဖြစ်နေတယ်။
ဟိုက တော်တော်ပေါက်ပေါက်ရောက်ရောက် တဦးဆီ တိုင်လိုက်ဟန်တူပြီး နောက်တနေ့ မွန်းလွဲပိုင်းမှာ စစ်ကားရောက်လာပြီး ကားပိုင်ရှင်တွေဆီ မေးမြန်းစုံစမ်းတာတွေ လုပ်တယ်။ လျော်ပေးမယ်တော့ မပြော။ ဘယ်တပ်ဖွဲ့လဲ စုံစမ်းမယ်ဆိုပဲ။
ဒီနေရာမှာ မြင်လိုက်ရတာက စစ်အကြမ်းဖက်အုပ်စုဟာ လူထုရဲ့ ကြွေးကြော်သံကိုတောင် ကြောက်တာပါပဲ။ ဒီလိုသာ မတုံ့ပြန်ခဲ့ရင် စစ်အကြမ်းဖက်အုပ်စုဟာ အတင့်ရဲလာပြီး တိုက်ခန်းတွေဆီ တံခါးတွေ ချိုးဖျက်ဝင်မယ်။ တန်ဖိုးရှိတာတွေ လူယူမယ်။ လူတွေကို အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီးမယ်။ မြို့ပြက စစ်ဓားပြတွေ လုပ်ရပ်အတိုင်း လက်မရွံ့တမ်း ထင်ရာစိုင်းမယ်။
ရန်ကုန်မြို့လယ်လို နေရာမျိုးမှာတောင် ဒီလို ခိုးဆိုးလုနှိုက်ရိုက်နေတာ ရွာတွေမှာဆို ဘယ်လောက်တောင် ဆိုးသွမ်းရမ်းကားလိုက်မလဲဆိုတာ တွေးကြည့်လို့ရတယ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ဘက်မှာဆို ရွာလုံးကျွတ် ထွက်ပြေးနေကြရတယ်။ လူတွေ ဒုက္ခပင်လယ်ဝေနေကြတယ်။
နေ့နေ့ ညည ကျီးလန့်စာစားဘဝ ရောက်နေကြရတယ်။ ဒီလို အကြမ်းဖက်တပ်ဖွဲ့ကို အမြစ်ကနေ မြေလှန်ရှင်းကြတော့မှာမို့ လူတိုင်းကိုယ်စီ ရှင်သန်နေကြဖို့ လိုတယ်။ စစ်အာဏာရှင် အမြစ်ဖြတ် တော်လှန်ရေး မဝေးတော့ဘူး။
အရေးတော်ပုံ အောင်ရမည်။
သစ်နွေဦး