မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ကျုံးအရှေ့ဘက် ၆၆ လမ်း ၁၂ လမ်းနဲ့ ၁၄ လမ်းကြား အလုပ်သမားဆေးရုံအနီးမှာ မေ ၅ ရက် နေ့လယ်ပိုင်းက အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ ပစ်ခတ်မှုကြောင့် ကိုဗစ်ကာကွယ်ဆေးလာထိုးတဲ့ တရုတ်လူမျိုး ၁ ဦး သေနတ်မှန် သေဆုံးခဲ့ပါတယ်။
ကျုံးအရှေ့ဘက် ၆၆ လမ်းမှာ ဆိုင်ကယ်နဲ့ လာသူကို တားဆီးရာ မရပ်တဲ့အတွက် သေနတ်နဲ့ ပစ်ခဲ့တာဖြစ်ပြီး အလုပ်သမားဆေးရုံမှာ ကိုဗစ်ကာကွယ်ဆေး လာထိုးသူ တရုတ်လူမျိုး အသက် ၃၀ ဝန်းကျင်အမျိုးသမီးနဲ့ အမျိုးသားကို ကျည်ထိမှန်ခဲ့တာဖြစ်ပြီး ၁ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။
လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက “တွေ့တဲ့သူတွေက လက်သုံးချောင်းထောင်ပြီး ဆိုင်ကယ်နဲ့ သွားတဲ့သူ ပစ်တာ ကားနဲ့ လာတဲ့ ၅ ယောက်အုပ်စုကို မှန်တာ။ နှစ်ယောက်မှန်တာ အမျိုးသားနဲ့ အမျိုးသမီး။ တစ်ယောက်က ဆေးရုံမှာ သေသွားတယ်။ တစ်ယောက်က ဆေးရုံတင်ထားတယ်လို့ ပြောတယ်” လို့ ပြောပါတယ်။
သေဆုံးသူဟာ နှုတ်ခမ်းကနေ မျက်လုံးဖောက်ပြီး ကျည်ဝင်သွားတာဖြစ်ပြီး ဒဏ်ရာရသူကတော့ ဘယ်ဘက်လည်ပင်း မှန်တာလို့ သိရပါတယ်။
မန္တလေး ကျုံးဘေးပတ်လည်ကို အာဏာသိမ်းပြီးမကြာခင်မှာ ပိတ်ခဲ့ပြီး ဧပြီလကုန်ပိုင်းမှာ အနည်းငယ်ဖြေလျှော့ကာ သွားလာခွင့်တွေပေးခဲ့ပါတယ်။