Home
မြန်မာသတင်း
မဟာတန်းနှင့် တက္ကသိုလ်နောက်ဆုံးနှစ်များပြန်ဖွင့် ၉၀ ရာခိုင်နှုန်းကျော် ကျောင်းမတက်ဘဲ သပိတ်မှောက်
DVB
·
May 5, 2021

မဟာတန်းတွေနဲ့ တက္ကသိုလ်နောက်ဆုံးနှစ်တွေကို စစ်ကောင်စီအကြမ်းဖက်အဖွဲ့က  ဒီကနေ့ မေလ ၅ ရက်မနက် ပြန်ဖွင့်လှစ်ရာမှာ ကျောင်းသူကျောင်းသား ၉၀ ရာခိုင်နှုန်းကျော်က စစ်အာဏာရှင်လက်အောက်မှာ ကျောင်းပြန်မတက်ရေး သပိတ်မှောက်ထားကြတယ်လို့လည်း ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ တာဝန်ရှိသူတွေက ပြောပါတယ်။ 

ဒါပေမဲ့ တချို့ကျောင်းသား ၊ ကျောင်းသူတွေရဲ့ မိဘတွေကနေ စာသင်ခန်းအဝထိလိုက်ပို့ပြီး အတန်းတက်ခိုင်းနေကြောင့် မေဂျာတချို့က မဟာတန်းကျောင်းသားတွေနဲ့ နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူတချို့‌ကတော့ ကျောင်းတက်နေကြတယ်လို့ဆိုပါတယ်။ 

ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းဟန်ထက်က "ဒီကနေ့ ဒဂုံတက္ကသိုလ်ထဲမှာ ကျောင်းလာတက်တဲ့ ကျောင်းသားအနည်းစု ရှိနေတယ်လို့ သိရတယ်၊ ပြီးတော့ ဒီကျောင်းသားတွေကြားမှာပဲ စစ်သားတွေက စစ်ကား ၂ စီးနဲ့ တက္ကသိုလ်အနှံ့ လှည့်ပတ်နေတယ်လို့လည်း ကြားရတယ်။ ဒီလိုအခင်းအကျင်းမျိုး၊ လုံခြုံမှုလုံးဝမရှိတဲ့ အခြေအနေမျိုးထဲကို ဘာကြောင့် ကျောင်းသားတွေ၊ ကျောင်းသူတွေက ခေါင်းတိုး ဝင်နေကြရတာဆိုတာ တကယ်အံ့အားသင့်ရပါတယ်"လို့ ပြောပါတယ်။

ဒီနေ့ မနက်အစောပိုင်းမှာလည်း ဒဂုံတက္ကသိုလ်အနီး၊ ဘုန်းကြီးကျောင်းကွေ့မှာ ဒဂုံတက္ကသိုလ်ကိုလာတဲ့ YBS 30 ဘတ်စ်ကားတစ်စီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုမရှိဘူးလို့တော့ ကနဦးသိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့ဟာ နိုင်ငံမှာ အခြေအနေတွေ ပြန်လည်တည်ငြိမ်နေကြောင်း ဟန်ပြဝါဒဖြန့်နိုင်ဖို့အတွက်  တက္ကသိုလ်တွေကို မေလထဲမှာ ပြန်ဖွင့်ဖို့နဲ့ အခြေခံပညာကျောင်းတွေကိုတော့ ဇွန်လထဲ အတင်းအကျပ် ပြန်ဖွင့်နိုင်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

တက္ကသိုလ်ကျောင်းသားတွေ၊ အခြေခံပညာကျောင်းသားတွေနဲ့ CDM ဆရာဆရာမတွေကတော့ စစ်ကျွန်ပညာရေးဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို   မြန်မာနိုင်ငံတဝန်းက ကျောင်းတွေမှာ အရှိန်အဟုန်နဲ့ ပြုလုပ်နေကြပါတယ်။ 

ဓာတ်ပုံ - ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024