ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်အတွင်းက ကျေးရွာစာသင်ကျောင်းတခုကို အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေ ရောက်ရှိလာပြီး အကြောင်းမဲ့ သေနတ်ပစ်ဖောက်နေတာကြောင့် ရွာသားတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေ ၃ ရက်နဲ့ ၄ ရက် နှစ်ရက်ဆက်တိုက် စစ်ကောင်စီရဲ့တပ်တွေက ကျောက်တံခါးမြို့နယ် ကြို့ပင်ရိုးကျေးရွာ မူလွန်စာသင်ကျောင်းကို ရောက်ရှိလာပြီး ကျောင်းဝင်းအတွင်းကနေ ပြည်သူအများ နေထိုင်တဲ့ ကျေးရွာဘက်ကို သေနတ်နဲ့ ခြောက်လှန့် ပစ်ခတ်နေတာလို့ ဆိုပါတယ်။
အခုလို သေနတ်ပစ်ဖောက်နေတာဟာ ကျေးရွာနေပြည်သူတွေက ကျောင်းရှိ ဆရာ၊ ဆရာမတွေကို CDM မှာ ဆက်လက်ပါဝင်ဖို့ တောင်းဆိုနေတဲ့အပေါ် ကျေးရွာအတွင်းမှ သတင်းပေးဒလန်လုပ်နေသူက မြို့ပေါ်ရှိ စစ်တပ်ကို ဖုန်းဆက်တာကြောင့် ဖြစ်နိုင်တယ်လို့ ရွာသားတစ်ဦးက ပြောပါတယ်။
ကျောက်တံခါးမြို့နယ်မှာ CDM လုပ်တဲ့ ပညာရေးဝန်ထမ်းတွေ အားကောင်းခဲ့ပေမယ့် အလုပ်ထွက်ရင် ဖမ်းမယ်၊ သက်ပြည့်ပင်စင်ယူရင်ဖမ်းမယ်၊ CDM ဆက်လုပ်ရင် ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲမယ်ဆိုပြီး အကြမ်းဖက်စစ်အုပ်စုက ခြိမ်းခြောက်နေတာကြောင့် ပညာရေးဝန်ထမ်းတွေအကြား ဒွိဟစိတ်နဲ့ ကျောင်းပြန်တက်လိုသူတွေနဲ့ မတက်လိုသူတွေ ကွဲပြား နေပါတယ်။