အက်စ်အန်အယ်လ်ဒီ ၂၅ နှစ်ပြည့်ငွေရတု ကြေညာချက်ထုတ်
DVB
·
November 10, 2013
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) ၂၅ နှစ်ပြည့်ငွေရတုပွဲကနေ အချက်လေးချက်ပါ သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ရှမ်းပြည်နယ်၊ လားရှိုးမြို့မှာ နိုဝင်ဘာ ၉ ရက်နဲ့ ၁၀ ရက် နှစ်ရက်တာကျင်းပခဲ့တဲ့ ငွေရတုပွဲကို ပါတီဝင် ၁၀၀၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ကြပြီး အခုလို ကြေညာချက်ထုတ်ပြန်လိုက်တာပါ။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) က ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (အက်စ်အန်ဒီပီ) ကို ပါတီနှစ်ခု ပူးပေါင်းရေး ကမ်းလှမ်းသွားမယ်၊ ၂၀၁၅ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ သင့်မသင့် အက်စ်အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်အဖွဲ့က လေ့လာသုံးသပ်မယ် စတာတွေအပါအ၀င် အချက် ၄ ချက်ကို ထုတ်ပြန်လိုက်တာပါ။
ဦးခွန်ထွန်းဦး ခေါင်းဆောင်တဲ့ အက်စ်အန်အယ်လ်ဒီ ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီ ပါတီ ပြီးရင် ဒုတိယမဲအများဆုံး အနိုင်ရတဲ့ တိုင်းရင်းသားပါတီတခု ဖြစ်ပါတယ်။
အက်စ်အန်အယ်လ်ဒီ ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင် အပါအ၀င် ရှမ်းခေါင်းဆောင် ၈ ဦးဟာ ၂၀၀၅ ခုနှစ်တုန်းက ရှမ်းပြည်နယ် အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းဖို့ ကြိုးစားခဲ့တာနဲ့ ပတ်သက်လို့ စစ်အစိုးရက ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်ပုန်ကန်မှု အပါအ၀င် အခြားစွဲဆိုချက်တွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ကြေညာချက်အပြည့်စုံ