တနိုင်ငံလုံး အပစ်ရပ်ပြီးတာနဲ့ နိုင်ငံရေးစားပွဲဝိုင်း အမြန်သွားဖို့ လိုတယ် – ဒေါက်တာတူးဂျာ

ဒေါက်တာ တူးဂျာ
တရုတ်-မြန်မာနယ်စပ် လိုင်ဇာမှာကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ညီလာခံနဲ့ နောက်နှစ်ရက်အကြာ မြစ်ကြီးနားမှာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အစိုးရကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်လုပ်ဆောင်ကြဖို့ သဘောတူကြောင်း ပူးတွဲသဘောထားထုတ်ပြန်ခဲ့ပါတယ်။ [caption id="attachment_46185" align="alignright" width="224"] ဒေါက်တာတူးဂျာ[/caption] ဒီဖြစ်ထွန်းတိုးတက်မှုတွေနဲ့ ပတ်သက်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ တာဝန်ယူခဲ့ဖူးတဲ့၊ လက်ရှိမှာ ကချင်ပြည်နယ် ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဒေါက်တာ ဦးမနာမ်တူးဂျာကို မြစ်ကြီးနားမြို့နေအိမ်မှာ ဒီဗွီဘီသတင်းထောက် ဦးအေးနိုင်က နိုဝင်ဘာ ၆ ရက်နေ့က သွားရောက်တွေ့ဆုံမေးမြန်းထားပါတယ်။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ တော်လှန်ရေးအဖွဲ့တွေ လိုင်ဇာဘုံသဘောတူညီချက်ရခဲ့တယ်။ နောက်တရက် မြစ်ကြီးနားမှာ ဆွေးနွေးပွဲ ကျင်းပခဲ့တယ်။ ဒီနှစ်ပွဲက မြန်မာနိုင်ငံရဲ့ သမိုင်းမှာ ဘယ်လောက်အထိ အရေးပါလဲ။ “ကျနော်တို့နိုင်ငံရဲ့ သမိုင်းမှာ ဒီဆွေးနွေးပွဲ ၂ ရပ်လုံးက အင်မတန်အရေးကြီးတဲ့ အချိုးအကွေ့တွေ ဖြစ်တယ်လို့ မြင်ပါတယ်။ လိုင်ဇာညီလာခံဆိုလည်း အရင်က တိုင်းရင်းသားပေါင်းစုံ စုံစုံညီညီတက်ရောက်ပြီး ကျင်းပတဲ့ ညီလာခံမျိုး မရှိခဲ့ဘူး။ ပထမဆုံးအကြိမ်လို့ ပြောလို့ရတယ်။ ဆွေးနွေးတာကလည်း ကျနော်တို့နိုင်ငံကမှာ ငြိမ်းချမ်းရေးရဖို့ အင်မတန်အရေးကြီးတဲ့ ခေါင်းစဉ်တွေကို ဆွေးနွေးကြတယ်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို အရင်လက်မှတ်ထိုးပြီးမှ ကျယ်ပြန်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲကို သွားကြဖို့ ဆွေးနွေးကြတာ။ ဒါကြောင့် လိုင်ဇာညီလာခံမှာ တိုင်းရင်းသားတွေက တဖွဲ့နဲ့တဖွဲ့ ချမှတ်ထားတဲ့ မူဘောင် ဘုံသဘောတူညီချက်ကို ဆွေးနွေးရေးဆွဲကြတယ်။ တချိန်တည်းမှာ အစိုးရဘက်က ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီက ချမှတ်ထားတဲ့ မူဘောင်ပေါ်မှာလည်း မှီငြိမ်းပြီး ဆွေးနွေးကြတာဖြစ်ပါတယ်။ ဒါကြောင့် မူဘောင်နှစ်ခုအပေါ်မှာ သူတို့ ညှိနှိုင်းဆွေးနွေးပြီး သဘောတူညီချက်တခုကို ချမှတ်ဖို့ဖြစ်တဲ့အတွက် အင်မတန်အရေးကြီးတဲ့ ညီလာခံဖြစ်တယ်လို့ သုံးသပ်ပါတယ်။ “မြစ်ကြီးနား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကလည်း အရင်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံးနဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီက ဆွေးနွေးခဲ့တာ မရှိဘူး။ ပထမဆုံးအကြိမ်လည်းဖြစ်တယ်။ ဆွေးနွေးတာကလည်း တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို အရင်လက်မှတ်ရေးထိုးပြီးမှ နိုင်ငံရေးဆွေးနွေးပွဲကို သွားဖို့ဆိုတဲ့ ရည်ရွယ်ချက်အပေါ်မှာ ဆွေးနွေးကြတာဖြစ်တယ်။ တိုင်းရင်းသားတွေဘက်ကလည်း သူတို့ရဲ့ ဘုံသဘောညီချက် ၁၁ ချက်ကို အစိုးရထံ တင်ပြတယ်။ အစိုးရကလည်း သူတို့ဘက်က ရေးဆွဲထားတဲ့ မူဘောင်ကို တင်ပြတယ်။ အဲနှစ်ခုအပေါ်မှာ အပြန်အလှန်ဆွေးနွေးကြတာဖြစ်တယ်။ တူညီတဲ့ သဘောတူညီချက်တခုရအောင် ညှနှိုင်းနေကြတာ ဖြစ်တဲ့အတွက် ကျနော်တို့နိုင်ငံရဲ့ အင်မတန်အရေးကြီးတဲ့ အချိုးအကွေ့ဖြစ်တယ်လို့ သုံးသပ်ပါတယ်။” ၂ ရက်တာ ဆွေးနွေးပွဲမှာ နိုင်ငံရေးဆွေးနွေးပွဲကို အမြန်လုပ်ဆောင်ဖို့ ၂ ဖက်စလုံးက သဘောတူခဲ့ကြတယ်။ ဒီဇင်ဘာမှာလည်း ပြန်ပြီး ဆွေးနွေးကြမယ်။ အဲဒီဆွေးနွေးပွဲတွေကနေ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲပြီဆိုပါတော့၊ ရှေ့ဆက်ပြီး ဘာတွေ ကျော်လွှားဖို့ လိုပါသလဲ။ “တနိုင်ငံလုံးအပစ်ခတ်ရပ်စဲဖို့က ဆက်ဆွေးနွေးဖို့ရှိသေးတယ်။ အထူးသဖြင့် တပ်ပိုင်းဆိုင်ရာတွေ။ မြစ်ကြီးနားဆွေးနွေးပွဲမှာ ဒီကိစ္စတွေ မပြတ်သေးတော့ တိုင်းရင်းသားအဖွဲ့တိုင်းကလည်း ဗဟိုကိုပြန်ပြီး ဟိုမှာရှိတဲ့ လူကြီးတွေနဲ့ ဒီမှာဆွေးနွေးခဲ့တာတွေ ပြန်ဆွေးနွေးရဦးမယ်။ အဖွဲ့အစည်းတိုင်း အဲလိုဆွေးနွေးပြီးမှ ဘုံသဘောတူညီဒချက်ရအောင် ဆက်ပြီး ဆွေးနွေးမယ်။ အစိုးရဘက်ကလည်း တိုင်းရင်းသားတွေ တင်ပြတဲ့ဟာကို သူတို့အတွင်းမှာ ပြန်ဆွေးနွေးရဦးမယ်။ ဒါကြောင့် မြစ်ကြီးနားဆွေးနွေးပွဲဟာ အပြုသဘောဆောင်တဲ့ ကောင်းတဲ့ရလဒ် ပေါ်ထွက်လာပါတယ်။ ဒါပေမယ့် အပြည့်အ၀ အဖြေတခုမထွက်နိုင်သေးတော့ လိုအပ်ချက်ရှိတာတွေ လုပ်ဖို့ ကျန်သေးတယ်။ ဒါကြောင့် ဒီဇင်ဘာ ဘားအံမှာ ပြန်ပြီးဆွေးနွေးကြဖို့ ဆုံးဖြတ်တာဖြစ်တယ်။ ဒါဟာ တနိုင်ငံလုံး အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေး စားပွဲဝိုင်းကိုရောက်ဖို့ ရှေ့ကို တိုးတိုးပြီး သွားနေတဲ့ ခြေလှမ်းတွေဖြစ်တယ်။” တိုင်းရင်းသားတွေ အဆိုပြုထားတာက အပစ်ရပ်လက်မှတ်ထိုးပြီး ရက်ပိုင်း ၆၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်ပြီးလုပ်ဆောင်ရမယ်ဆိုပြီး စောရင်လည်းစောမယ်၊ ဒီထက်နောက်ကျရင်လည်း နောက်ကျမယ်။ ဒါပေမယ့် မြန်မာပြည်သူတွေက အချိန်ဇယားတခုကိုတော့ လိုချင်တယ်။ အန်ကယ်အနေနဲ့ ဘယ်လို သုံးသပ်လဲ။ “ကျနော့်အမြင်ကတော့ တနိုင်ငံလုံး အပစ်ရပ် လက်မှတ်ထိုးပြီးတာနဲ့ အမြန်ဆုံး နိုင်ငံရေးစားပွဲဝိုင်းကို သွားကြဖို့ လိုတယ်။ ဘာလို့လဲဆိုတော့ အဲဒီကြားမှာ အချိန်ကြာသွားရင် အပစ်ရပ်သဘောတူညီချက်က ပြန်ပြီး ပျက်ပြယ်သွားနိုင်တယ်။ မမျှော်လင့်တဲ့ အနှောင့်အယှက်တွ ပေါ်လာပြီး အကောင်အထည် မဖော်နိုင်ပဲဖြစ်သွားမယ်။ ဒါကြောင့် သဘောတူညီချက်ရတာနဲ့ အချိန်မဆွဲဘဲ နိုင်ငံရေးစားပွဲဝိုင်းကို အမြန်သွားနိုင်ဖို့ အရေးကြီးတယ်။ အချိန်က ကန့်သတ်နိုင်ရင် ပိုကောင်းတာပေါ့။ ၂ လတန်သည်၊ ၃ လတန်သည် နှစ်ဖက်သဘောတူထားပြီး ပြည်သူကိုလည်း ချပြနိုင်ရင် အားရ၀မ်းဖြစ်ကြမယ်။" ဖက်ဒရယ်ဆိုရင် ကျနော်တို့ငယ်စဉ်က ခွဲထွက်ရေးဆိုပြီး ကြီးပြင်းခဲ့တယ်။ အခု အစိုးရဘက်ကလည်း ဖက်ဒရယ်နဲ့ ပတ်သက်ပြီး ကြိုးစားနေတယ်။ တိုင်းရင်းသားတွေကလည်း သူတို့လက်နက်ကိုင်နေတာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ဖြစ်တယ်လို့ ပြောပါတယ်။ အဲတော့ ဖက်ဒရယ်ပြည်ထောင်စု ပန်းတိုင်းနေတယ်။ အဲဒီနှစ်ခုက ဘယ်လိုမျိုး ကွာခြားနေတာလဲ။ “အရင်က ဖက်ဒရယ်ဆိုရင် ခွဲထွက်ရေးမူဆိုတာက ဖက်ဒရယ်စနစ်ကို မပေးချင်လို့ ပြောတာ။ ဖက်ဒရယ်စနစ်ပေးလိုက်ရင် ခွဲထွက်ရေးက ပိုပြီး ပပျောက်သွားနိုင်တာပေါ့။ တိုင်းရင်းသားတွေလည်း ခွဲထွက်ချင်စိတ်မရှိတော့ဘူး။ ဖက်ဒရယ်မပေးလို့ ခွဲထွက်ချင်စိတ်ဖြစ်တာ။ ဖက်ဒရယ်က တိုင်းပြည်ကို စုစည်းတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပိုပြီး ခိုင်မာစေတဲ့ စနစ်တခုဖြစ်တယ်။ ဖက်ဒရယ်က ကျနော်တို့နိုင်ငံမှာ ကျင့်ကို ကျင့်သုံးရမယ့် အနေအထား ရှိတယ်။ ကျနော်မြင်တာက ဘာပဲဖြစ်ဖြစ် အာဏာခွဲဝေရေး၊ သယံဇာတခွဲဝေရေးကို မျှမျှတတ ပြည်သူလူထုနဲ့ တိုင်းရင်းသားအုပ်စုဘက်ကလည်း လက်ခံနိုင်တဲ့ အဆင့်ကို ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရက ကောင်းကောင်းမွန်မွန် စီမံဆောင်ရွက်နိုင်ဖို့ လိုအပ်တယ်။ သယံဇာတ ခွဲဝေမှုလည်း ဒီအတိုင်းပဲ။  နောက်ပြီး ဥပဒေပြုအာဏာ ပြည်နယ်လွှတ်တော်တွေကို ပေးသင့်သလောက် ချပေးသွားမယ်ဆိုရင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ ရရှိသွားမယ်။ နောက် ဗဟိုအစိုးရမှာ ထားရှိသင့်သလောက် အာဏာကို ထား၊ အချုပ်အခြာအာဏာကို ပြည်နယ်တွေမှာထား၊ ပြည်နယ်အစိုးရက ကိုယ့်ခြေတောက်ပေါ် ကိုယ်ရပ်ပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးပြီး လုပ်ဆောင်သွားနိုင်တဲ့ အနေအထားမျိုး ရောက်အောင် အာဏာခွဲဝေမယ်ဆိုရင် ဒါက ဖက်ဒရယ်ပါပဲ။ ဒီအဆင့်ရမယ်ဆိုရင် ဖက်ဒရယ် ဘယ်လိုပုံစံမျိုးလဲ သိပ်ပြီး မေးခွန်းမေးနေစရာမလိုဘူး။ အဓိက အာဏာခွဲဝေရေးမှာ အစိုးရတာဝန်ရှိသူတွေနဲ့ တိုင်းရင်းသားတွေ အသေအချာညှိနှိုင်းရမယ်။ အားလုံးကျေနပ်နိုင်တဲ့အဆင်ကို အာဏာခွဲဝေရေး လုပ်နိုင်ပြီဆိုရင် ဒါဟာ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုလို့ပဲခေါ်ခေါ် အဆင်ပြေသွားနိုင်တယ်။” အခု စကားပြောနေကြတဲ့ နှစ်ဖက်ပုဂ္ဂိုလ်တွေက တဖက်နဲ့တဖက် တချိန်တုန်းက လက်နက်စွဲကိုင်တော့ ယုံကြည်မှုတွေ ပျက်ယွင်းခဲ့တယ်။ အခုအချိန်တိုအတွင်း ယုံကြည်မှု ရနိုင်ပြီလို့ ယူဆလား။ ယုံကြည်မှုကရော ဘယ်လောက်အရေးပါလဲခင်ဗျ။ “ယုံကြည်မှုရှိမှ ခိုင်ခိုင်မာမာရှိတဲ့ သဘောတူညီချက်တခုကို ကျနော်တို့ ချမှတ်နိုင်မယ်။ ယုံကြည်မှု မရှိတော့ တဖက်က အကောင်းပြောရင်လည်း အကောင်းမမြင်ဘူး။ နှစ်ဖက်လုံး ဒါမျိုးတွေ ဖြစ်နေတော့ အချင်းချင်း သံသယစိတ်တွေ ရှိနေတဲ့အခါကျတော့ ဘယ်လိုမှ အောင်မြင်တဲ့ ဆွေးနွေးပွဲတရပ် မဖြစ်လာနိုင်ဘူး။ အများလိုလားတဲ့ ရလဒ်လည်း မပေါ်ထွန်းလာနိုင်ဘူး။ ဒါကြောင့် ယုံကြည်မှုတည်ဆောက်ဖို့ အင်မတန်အရေးကြီးတယ်။ ယုံကြည်မှု ဘာကြောင့် လိုအပ်လဲဆိုရင် အရင် အစိုးရအဆက်ဆက်က ပြောတာတမျိုး လုပ်တာတမျိုး လုပ်ခဲ့တာကိုး။ တဖက်သတ်ဖိနှိပ်အုပ်ချုပ်တဲ့ ပုံစံမျိုး တော်တော်ခံစားခဲ့တော့ တိုင်းရင်းသားတွေဘက်က အခုလည်း ဒီလိုများ ဖြစ်နေမလားဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိကြတာပေါ့။  အခု အစိုးရလက်ထက်မှာတော့ အချင်းချင်း တွေ့ဆုံဆွေးနွေးတဲ့ပေါ်မှာ မူတည်ပြီး ယုံကြည်မှုက တဖြည်းဖြည်း ပိုပြီးရလာတယ်လို့ ကျနော် ခံစားမိတယ်။ တိုင်းရင်းသားဘက်ကလည်း အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်တွေအပေါ် သံသယစိတ် လျော့နည်းသွားတယ်။ အစိုးရဘက်ကလည်း တိုင်းရင်းသားခေါင်းဆောင်တွေအပေါ် သံသယ လျော့နည်းသွားတယ်။ တိုင်းရင်းသားဘက်မှာရှိတဲ့ သံသယက အစိုးရခေါင်းဆောင်တွေဟာ ပြောတာတမျိုး၊ လုပ်တာတမျိုး သူတို့ကို ညာတယ်လို့ ထင်တယ်။ အဲဒါတွေ တော်တော် လျော့နည်းသွားတယ်။ အစိုးရဘက်ကလည်း ဒီတိုင်းရင်းသားတွေက နည်းနည်းစကားဟလိုက်တာနဲ့ အမြတ်ထုတ်မယ်လို့ပဲ ထင်တာပေါ့။ တကယ်ငြိမ်းချမ်းရေး လိုချင်တာမဟုတ်ဘူးဆိုတဲ့ အမြင်မျိုး အစိုးရဘက်က ရှိကောင်းရှိမယ်။ အခုချိန်ခါမှာတော့ ဒါတွေက တော်တော်လေး ပပျောက်သွားပြီလို့ ထင်ပါတယ်။” ယုံကြည်မှုတွေကလည်း ရလာပြီ၊ လွှတ်တော်ပြင်ပ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကြီးတခု ပေါ်လာပြီဆိုတော့ အဲဒီဆွေးနွေးပွဲမှာ ဘယ်လိုပုဂ္ဂိုလ်မျိုးတွေ ပါဝင်သင့်လဲ။ အစိုးရနဲ့ တိုင်းရင်းသားတွေ တွေ့ရုံပဲ ပြီးရောလား၊ ဘယ်လိုလူတွေ ပါသင့်လဲ။ “နိုင်ငံရေး ဆွေးနွေးပွဲက အင်မတန်အရေးကြီးတော့ ကာယကံရှင် နှစ်ဦးနှစ်ဖက်ချည်း မပြီးနိုင်ဘူး။ ပိုပြီး ခိုင်မာသေချာအောင်ဆိုရင် ပြည်တွင်းက လူရိုသေ၊ ရှင်ရိုသေ၊ သမာသမတ်ရှိတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်လာဖို့ လိုတယ်။ အထူးသဖြင့် နိုင်ငံရေးပါတီထဲက ခေါင်းဆောင်တွေ၊ ဒေါ်အောင်ဆန်းစုကြည်တို့လိုပေါ့။ တချိန်တည်းမှာ ကုလသမဂ္ဂ၊ အီးယူ၊ အမေရိကန်၊ ဗြိတိန်၊ ဂျပန်၊ တရုတ် အစရှိတဲ့ နိုင်ငံတွေလည်း ပါဖို့ လိုတယ်။ ဒါက ကျနော့်အမြင်ပြောတာပါ။ တကယ့်တကယ် အစိုးရနဲ့ တိုင်းရင်းသားတွေက ဘယ်သူ့ကိုထည့်မလဲဆိုတာ ညှိနှိုင်းရမှာ ဖြစ်တယ်။” နိုင်ငံရေးဆွေးနွေးပွဲ ပေါ်လာပြီး တိုးတက်မှုတွေ ဖြစ်ထွန်းပြီဆိုရင် အဲဒီရလဒ်နဲ့ လွှတ်တော်တွေရဲ့ လုပ်ပိုင်ခွင့်နဲ့ ပွတ်တိုက်မှု မရှိနိုင်ဘူးလား။ ၂၀၀၈ ဖွဲ့စည်းပုံနဲ့လည်း ကိုင်စွဲထားတယ်ဆိုတော့။ “ပွတ်တိုက်မှုမရှိအောင် အတတ်နိုင်ဆုံး ကြိုးစားပြီး ရှောင်ရှား၇မယ်။ နိုင်ငံရေးဆွေးနွေးပွဲ စကားဝိုင်းကနေ ရရှိတဲ့ သဘောတူညီချက်နဲ့ ကိုက်ညီတဲ့ အခြေခံဥပဒေတရပ်တော့ ယူလာတပေါ့။ ဒီအခြေခံဥပဒေ ရရှိဖို့ဆိုရင် ရှိပြီးသား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ပြီးတော့ သွားမယ်ဆိုရင် ဒါက လွှတ်တော်ရဲ့ တာဝန်ဖြစ်ပါတယ်။ ဆိုတော့ ဒီဆွေးနွေးပွဲမှာလည်း လွှတ်တော်ဥက္ကဋ္ဌတွေ ပါလာဖို့ လိုလိမ့်မယ်။ အဲမှာ ပါပြီးသားဆိုရင် လွှတ်တော်မှာ ပြန်ပြင်ဖို့ သူ့တာဝန်က ကျလာတဲ့အချိန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒီဆွေးနွေးပွဲ သဘောတူညီချက်အတိုင်း ၂၀၀၈ အခြေခံဥပဒေကို ပြင်ဖို့က သိပ်ပြီး ၀န်လေးစရာမရှိဘူး၊ အဆင်မပြေနိုင်စရာမရှိဘူးလို့ မြင်တယ်။ ဒီလိုမှမဟုတ်ရင် လွှတ်တော်ပြင်ပမှာ တိုင်းရင်းသားအုပ်စုက ကိုယ်စားလှယ်တွေ တက်ရောက်နိုင်တဲ့၊ ကြားက ပညာရှင်တွေလည်းပါတဲ့ အစိုးရရော၊ တိုင်းရင်းသားတွေရော၊ တပ်မတော်ရော အားလုံးသဘောတူတဲ့ အပြင်မှာ ညီလာခံတခု ကျင်းပပြီး ၂၀၀၈ ကို ပြင်စရာရှိရင် အပြင်မှာပြင်မယ်ဆိုရင်လည်း သဘောတူညီချက်အပေါ်မှာ မူတည်တယ်။ အသစ်ရေးမယ်ဆိုရင်လည်း သူတို့ရဲ့ သဘောတူညီခက်အပေါ် မူတည်တယ်။ အားလုံးသဘောတူညီချက်မရရင် ပြင်တာပဲဖြစ်ဖြစ်၊ အသစ်ရေးတာပဲဖြစ်ဖြစ် လုပ်ရခက်တယ်။ အဓိက ဘုံသဘောတူချက် ရဖို့လိုတယ်။” ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို သွားဖို့အတွက် လိုအပ်ချက်တွေ နောက်ထပ် ဘာများ ဖြည့်စွက်ပြောလိုပါသလဲ။ “ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းဖို့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို သွားဖို့က အားလုံး ပူးပေါင်းပြီး ချီတက်သွားရမယ်။ အားလုံးကလည်း အဲဒီပန်းတိုင်ကို သွားမယ်ဆိုတဲ့ ဆန္ဒရှိရမယ်။ ဒီလိုသွားဖို့ အနေအထားမျိုးကလည်း ရှိနေပြီဖြစ်တဲ့အတွက် အားလုံးက ပြုပြင်ပြောင်းလဲရေး စိတ်ဓာတ်ရှိဖို့ လိုတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်မှ ဒီလိုအဆင့်ကို ကျနောတို့ သွားလို့ရမယ်။ အရင်က သံချေးတက်နေတဲ့ mindest တွေကို ပြင်ရမယ်။ စိတ်သစ်လူသစ်နဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို မဖြစ်မနေ တည်ဆောက်မယ်ဆိုတဲ့ ခံယူချက်သဘောထားနဲ့ အားလုံး လက်တွဲညီညီ ချီတက်သွားမယ်ဆိုရင် ရောက်ကို ရောက်သွားမယ်လို့ ကျနော်ခံယူတယ်။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up