မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ ဆူးဖြူကုန်းရွာမှာ မေလ ၃ ရက် နေ့လယ် ၁ နာရီလောက်က အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တပ်တွေက ဝင်ရောက်ပစ်ခတ်ဖမ်းဆီးတာကြောင့် ရွာသား ၁၉ ဦး ဖမ်းခံရပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေအပြင် မသက်ဆိုင်သူတွေပါ ပါဝင်ပြီး ဆူးဖြူကုန်းရွာ အနီးက နဘူးတော၊ ရုန်းရင်းတော၊ ဖောင်ချည်း စတဲ့ရွာတွေက လူတွေပါ ဖမ်းဆီးခံရတယ်လို့ ဆူးဖြူကုန်းကျေးရွာသား တစ်ဦးကပြောပါတယ်။
“ဖမ်းထားတဲ့သူတွေကို ၅၀၅ (က) နဲ့အမှုဖွင့်တယ်ကြားတယ်။ သတင်းပေး ဒလန်က စာရင်းပေးထားတာ ၃၆ ယောက်လို့ သိရတယ်။ တခြားကျန်နေတဲ့သူတွေပါ ဖမ်းဖို့ လုပ်နေတာ။ ရွာကတော့ စစ်မြေပြင်ပုံစံဖြစ်နေပြီး ရွာကလူတွေ တောထဲပြေးကုန်တယ်။” လို့ ဆိုပါတယ်။
ရွာစာသင်ကျောင်းမှာ မေ ၃ ရက်က ဖက်ဆစ်ပညာရေးစနစ် အလိုမရှိကြောင်း ဆန္ဒပြနေချိန် ရဲတပ်ဖွဲ့ဝင် ၄ ယောက် ရောက်လာတဲ့အခါ ဒေသခံတွေက ရွာအတွင်း ပေးမဝင်ခဲ့ပဲ တားဆီးရာကနေ သတင်းပေးကြောင့် စစ်တပ်အင်အား ၄၀ လောက်ရောက်လာပြီး ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာလို့ သိရပါတယ်။
ဒီလို ပစ်ခတ်တာတွေကြောင့် ရွာသူ ရွာသား ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေဟာ နီးစပ်ရာ တောတွေထဲ ဝင်ပြေးပုန်းရှောင်နေရတယ်လို့ ဆိုကြပါတယ်။ ဆူးဖြူကုန်းရွာဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အမြဲလုပ်နေတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။