တရုတ် ကွန်မြူနစ်ခေါင်းဆောင်များ လျှို့ဝှက်အစည်းအဝေး စတင်

တရုတ်နိုင်ငံမှာ ကွန်မြူနစ်ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တွေရဲ့ လေးရက်ကြာ လျှို့ဝှက်အစည်းအဝေးကို ဒီနေ့ စတင်ကျင်းပနေပြီဖြစ်လို့ ဘေဂျင်းမှာ လုံခြုံရေးတွေ တင်းကြပ် ထားပါတယ်။ အခု အစည်းအဝေးမှာ နောက်ထပ် ဆယ်စုနှစ်အတွင်း ကမ္ဘာ့ ဒုတိယ စီးပွားရေး အင်အား အကြီးဆုံး ဖြစ်တဲ့ တရုတ်စီးပွားရေး တည်ငြိမ်အောင် ဘယ်လို ဆက်လက် သယ်ဆောင် မလဲဆိုတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ဆွေးနွေးကြဖို့ ရှိပါတယ်။ ဘေဂျင်းမြို့ရဲ့ အဓိက လမ်းမကြီးနဲ့ တီအန်မင် ရင်ပြင်မှာ ရဲကားတွေ တော်တော်များများ ရပ်ထားပါတယ်။ အရင်က ပါတီ အစည်းအဝေးတွေ ကျင်းပခဲ့တဲ့ ဘေဂျင်းမြို့ အနောက်ပိုင်းက ဂျင်ဇီး ဟိုတယ် နားမှာ လုံခြုံရေးတွေ အထူးတင်းကြပ်ထားသလို ပတ်လည်က လမ်းတွေကိုလည်း ပိတ်ထားပါတယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီဝင် ၂၀၀ ကျော် တက်ရောက်မယ့် အစည်းအဝေးမှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ကိစ္စတွေက အဓိက လွှမ်းမိုးနေဖွယ် ရှိပါတယ်။ အစည်းအဝေးကနေ ထွက်ပေါ်လာမယ့် ရလဒ်ဟာ မတ်လက အာဏာ လွဲပြောင်း ယူခဲ့တဲ့ ခေါင်းဆောင်သစ်တွေအနေနဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ဘယ်လောက် အထိ စိတ်ပိုင်းဖြတ်ထားသလဲဆိုတာကို မှတ်ကျောက်တင်မှာ ဖြစ်ပါတယ်။ အစိုးရဟာ စီးပွားရေးမှာ ဈေးကွက်ရဲ့ အခန်းကဏ္ဍကို အဓိက နေရာပေးဖို့၊ ကြိုးနီစနစ်ကို လျှော့ချဖို့ ကတိပြုထားပါတယ်။ အဂတိ လိုက်စားမှု၊ သဘာဝ ပတ်ဝန်းကျင် ယိုယွင်းမှုတို့လို လူမှုရေးနဲ့ နိုင်ငံရေး ပြသနာတွေကို ကိုင်တွယ်ရမှာတွေ ရှိနေပေမယ့် အနောက်ပုံစံ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုမျိုးကို ပြုလုပ်မယ့် အစီအစဉ်တွေတော့ အစည်းအဝေးမှာ ဆွေးနွေးဖို့ မရှိပါဘူး။ တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဟောင်လီကတော့ အစည်းအဝေးဟာ တရုတ်ပြည် ပြုပြင်ပြောင်းလဲရေးအတွက် အရေးကြီးတယ်လို့ နိုဝင်ဘာ ၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up