ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်ထဲမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့တွေနဲ့ ပြည်သူ့စစ်တွေ ပူးပေါင်းပြီး RCSS/SSA ရှမ်းပြည်တပ်မတော်ကို တိုက်ခိုက်ရာမှာ ရွာသားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တယ်လို့ ထိုင်းအခြေစိုက် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က မေလ ၃ ရက် နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။
ရလခလက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မတ်ကျိုင်း၊ နားယိုင်း၊ အက်စ်သုံးလုံးနဲ့ ကာလိအခြေစိုက် ပြည်သူ့စစ်တွေနဲ့ ပူးပေါင်းပြီး ဧပြီ ၂၂ နဲ့ ၂၃ နေ့ရက်တွေမှာ RCSS/SSA ရှမ်းပြည်တပ်မတော်နဲ့ နားခန်၊ ကောင်ယောင်း၊ လွယ်ငင်း၊ ဖာဆွန့်ကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲဖြစ်ခဲ့တာပါ။
အဆိုပါတိုက်ပွဲစစ်ဆင်ရေးကာလ တနေရာက တနေရာကို သွားရာမှာ ရွာသားတွေကို အရှေ့က လျှောက်စေပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သလို အပြစ်မဲ့ရွာသားတွေကို ဖမ်းဆီးချုပ်နှောင်တာ၊ အိမ်ထဲ ဝင်ရောက်မွှေနှောက်ကာ ပစ္စည်းတွေ ယူငင်ခြင်းတွေ လုပ်ခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
ဧပြီလကုန်ပိုင်းမှာ ဖာဆွန့်ရွာသား ၇ ယောက်ကို ထရပ်ကား ၂ စီးနဲ့ ရွာအရှေ့ဘက်သို့ အဓမ္မ ရေသယ်ခိုင်းတာ၊ ဖာဆွန့်ရွာသား ၆ ယောက်ကို အကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင်တာ၊ ဖာဆွန့်ရွာသား ၆ ယောက်ကို စစ်ကြောင်းရှေ့ကနေ ၅ ကီလိုမီတာလောက် လမ်းလျှောက်ခိုင်းခဲ့တာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အာဏာသိမ်းစစ်တပ်က ကျူးလွန်းခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဖာဆွန့်ရွာရှိ နေအိမ် ၆ လုံးကို ဝင်ရောက်မွှေနှောက်ကာ အိမ်မွေးကြက် အကောင် ၂၀ လောက်နဲ့ ဆန်၊ ဆီ၊ ဆား၊ ဟင်းချက်စရာ၊ ဒယ်အိုး၊ ရေပုံးတွေ ယူငင်သွားတာ၊ ၇ မိုင်ကျေးရွာက ရွာသား ၂ ယောက်ကို စစ်ကြောင်းရှေ့ကနေ ၁၀ ကီလိုမီတာ လမ်းပြလျှောက်ခိုင်းခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထိုင်းမြန်မာနယ်စပ်ရှိ RCSS/SSA ရဲ့ စစ်စခန်းတွေကို ဧပြီ ၁၈ ၊ ၁၉ နဲ့ ၂၁ နေ့ရက်တွေမှာ ပစ်ခတ်ခဲ့တာကြောင့် နယ်စပ်ရှိ ဒုက္ခသည် ၆၀၀၀ လောက်က တိုက်ပွဲတွေ ဆက်ဖြစ်လာမှာကို ကြောက်လန့်နေကြတယ်လို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။