မြန်မာ့ရေပြင် ငါးသယံဇာတ တည်ရှိမှု နိုဝင်ဘာ ၁၃ စပြီး သုတေသနလုပ်မည်
DVB
·
November 9, 2013
မြန်မာ့ရေပိုင်နက်အတွင်း သိပ္ပံနည်းကျ ငါးသယံဇာတ တည်ရှိနေမှု သိရှိနိုင်ဖို့ သုတေသန သင်္ဘော R/V Dr.fridtjof Nansen နဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကနေ ဒီဇင်ဘာ ၁၉ ရက်အထိ ပြုလုပ်သွားမယ်လို့ ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်နဲ့ တနင်္သာရီ ကမ်းရိုးတန်းတွေမှာ သုတေသန ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
ဒီလုပ်ငန်းကို နော်ဝေအစိုးရက အမေရိကန်ဒေါ်လာ ၅၉၃၀၀၀ ပံ့ပိုးထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
သုတေသန အစီအစဉ်ကို ငါးလုပ်ငန်းဦးစီးဌာနက ဦးဆောင်ပြီး ပညာရှင်တွေအပါအ၀င် စုစုပေါင်း ၁၂ ဦး လိုက်ပါသွားမှာ ဖြစ်ပါတယ်။
သုတေသနရေယာဉ်ဟာ ငါးသယံဇာတ တည်ရှိမှုကို ငါးဖမ်းစနစ် နည်းအမျိုးမျိုးနဲ့ တိုင်းတာတာ၊ ပင်လယ်ကြမ်းပြင်အခြေအနေ မှတ်တမ်းတင်တာ၊ ပင်လယ်ပြင် အပူချိန်၊ ရေငန်နှုန်း၊ အောက်စီဂျင် ပျော်ဝင်နှုန်း စတဲ့ ရူပနဲ့ဇီဝဆိုင်ရာ အချက်အလက် စုဆောင်းတာတွေ လုပ်သွားမယ်လို့ဆိုပါတယ်။
ဒါ့အပြင် ငါးသယံဇာတ တည်ရှိမှုကို အသံလှိုင်းစနစ်နဲ့ တိုင်းတာတာ၊ ပင်လယ်ငါးမျိုးစိတ် အမျိုးအစား ခွဲတာ၊ နမူနာကောက်ယူတာ၊ ဖမ်းဆီးရမိမှုနှုန်း အကဲဖြတ်တာနဲ့ တရွတ်ဆွဲပိုက်နဲ့ ငါးဖမ်းတာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။