Home
မြန်မာသတင်း
မီဒီယာဝန်ထမ်းအားလုံး ချက်ချင်းလွှတ်ပေးရန် သံတမန်အဖွဲ့အစည်းများ တောင်းဆို
DVB
·
May 3, 2021

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံအတွင်းက မီဒီယာဝန်ထမ်းအားလုံးကို ချက်ချင်းလွှတ်ပေးဖို့၊ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးလွတ်လပ်ခွင့် ပျိုးထောင်ဖို့နဲ့ အင်တာနက်ပိတ်ဆို့မှု အားလုံးကို ရပ်ဆိုင်းဖို့ မြန်မာနိုင်ငံအခြေစိုက် သံတမန်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ ဩစတေးလျ၊ ကနေဒါ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေး၊ စပိန်၊ ဆွီဒင်၊ ဆွဇ်ဇာလန်၊ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုဆိုင်ရာ သံတမန်အဖွဲ့အစည်းတွေက အခုလို တောင်းဆိုလိုက်တာပါ။

အွန်လိုင်းနဲ့ ပြင်ပမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိန်းသိမ်းရာမှာ စာနယ်ဇင်းကဏ္ဍရဲ့ အရေးပါအရာရောက်မှုကို လေးစားဂုဏ်ပြုတယ်လို့ ဆိုပါတယ်။

မီဒီယာလွတ်လပ်ခွင့်ဟာ ဒီမိုကရေစီ ကျင့်သုံးတဲ့ လူမှုအသိုက်အဝန်းတွေရဲ့ အခြေခံအုတ်မြစ်ဖြစ်ပြီး အကြွင်းမဲ့ ထိန်းသိမ်းစောင့်ရှောက်ပေးကာ မကွယ်ပျောက်စေသင့်သော တရားဝင်ဖြစ်မှု ရင်းမြစ်တစ်ခုလည်း ဖြစ်ကြောင်း၊ စာနယ်ဇင်းသမားတွေအနေနဲ့ လက်တုံ့ပြန်ရန်ရှာခံရမယ့် အန္တရာယ် ဒါမှမဟုတ် ခြိမ်းခြောက်ခံရမယ့်အန္တရာယ်ကို ကြောက်ရွံ့စိတ်ကင်းစွာနဲ့ လွတ်လပ်မှုရှိရှိ သတင်းတင်ပြခွင့် ရှိရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာ စာနယ်ဇင်းသမားတွေနဲ့ မီဒီယာဝန်ထမ်းတွေဟာ ဖိနှိပ်မှုတွေ ခံနေရပေမယ့် တိကျသေချာတဲ့ သတင်းအချက်အလက်တွေ လက်လှမ်းမီခွင့် ရရှိအောင် ကြိုးပမ်းဆောင်ရွက်နေသူတွေရဲ့ အားထုတ်မှုကို ချီးကျူးဂုဏ်ပြုကြောင်းလည်း ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းတဲ့နေ့ကစပြီး မြန်မာနိုင်ငံ စာနယ်ဇင်းသမားပေါင်း ၈၀ ကျော် ဖမ်းဆီးခံရပြီး ထက်ဝက်ကျော်ဟာ အခုချိန်ထိ ထိန်းသိမ်းခံထားရကြောင်း၊ မီဒီယာကုမ္ပဏီတွေအနေနဲ့လည်း သတင်းအချက်အလက်များ ထုတ်လွှင့်ဖို့နဲ့ တင်ပြဖို့ ပိတ်ပင်ခံထားရပြီး လုပ်ငန်းလိုင်စင်တွေကိုလည်း ဖျက်သိမ်းကာ ရုံးခန်းတွေလည်း ဝင်ရောက်စီးနင်းခံနေရတယ်လို့ ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ အဓိက ပုံနှိပ်မီဒီယာမှန်သမျှ လုပ်ငန်းမလည်ပတ်နိုင်ဘဲ သတင်းလွှမ်းခြုံမှု၊ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်ရရှိမှုတို့ကို ထိန်းချုပ်ဖို့ အင်တာနက်တွေကို ဆက်လက်ပိတ်ထားဆဲဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

အခုလို လုပ်ရပ်ဟာ မီဒီယာလွတ်လပ်ခွင့်ကို ဖိနှိပ်တာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ပြဋ္ဌာန်းထားတဲ့ လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင့်တို့ကို ချိုးဖောက်တာလို့ ဆိုပါတယ်။

သံတမန်အဖွဲ့အစည်းတွေအနေနဲ့ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ မီဒီယာကဏ္ဍကို ဆက်လက် အားပေးပံ့ပိုးသွားမယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024