ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့မှာ ဒီနေ့ မေ ၂ ရက်က ဆန္ဒပြခဲ့တဲ့ တက်ကြွလှုပ်ရှားသူ မြန်မာနိုင်ငံသား ၁ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်က ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်း သတ်ဖြတ်နေတာတွေကို ကန့်ကွက်ကြောင်းနဲ့ အကြမ်းဖက် စစ်တပ်နဲ့ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကို ယူအန်အနေနဲ့ အရေးယူ ဆောင်ရွက်ပေးဖို့ ဒီနေ့မနက်က ဘန်ကောက်မြို့မှာ ထိုင်းရောက်မြန်မာတွေ စုပေါင်းပြီး ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။
ကမ္ဘာနိုင်ငံတွေအတော်များများမှာ ပြည်ပရောက် မြန်မာတွေက နွေဦးတော်လှန်ရေးကို မေလ ၂ ရက်မှာ အတူဆင်နွှဲနေကြပြီး ဘန်ကောက်မှာလည်း ထိုင်းရောက် မြန်မာတွေဟာ ယူအန်ရုံးရှေ့မှာသွား ရောက် ဆန္ဒပြခဲ့ကြတာပါ။
ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု တတိယလှိုင်းဖြစ်နေတာကြောင့် ထိုင်းအစိုးရက ၁၀ ယောက်အထက် လူစုလူဝေး မပြုလုပ်ရအမိန့် ထုတ်ပြန်ထားပြီး ဒီဆန္ဒပြမှုမှာလည်း လူစုလူဝေး ပြုလုပ်တဲ့အတွက် ထိုင်းရဲက ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ဒီကနေ့ ယူအန်ရုံးရှေ့ဆန္ဒပြပွဲမှာ ပါဝင်တဲ့ တခြားသူတွေကိုတော့ ပြန်လွှတ်ပေးလိုက်ပြီး တစ်ဦးကိုတော့ ဖမ်းဆီး စစ်ဆေးနေဆဲလို့ သိရပါတယ်။
အခု ဖမ်းဆီးခံရသူ ဆူးရတ်ဟာ အသက် ၃၀ ကျော်အရွယ် ရှိပြီဖြစ်ပြီး ရှမ်းပြည်နယ် တောင်ကြီးမြို့ ဇာတိဖြစ်ကာ ငယ်စဉ်ကတည်းက ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်း နေထိုင်ခဲ့သူ ဖြစ်ပါတယ်။
သူဟာ မြန်မာနွေဦးတော်လှန်ရေးနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံအတွင်း ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့သူတွေထဲက တဦးဖြစ်သလို မြန်မာ့အရေးနဲ့ ပတ်သက်လို့ ထိုင်းမီဒီယာတွေမှာ မကြာခဏ ပါဝင်ဆွေးနွေး ပြောဆိုလေ့ရှိသူလည်း ဖြစ်ပါတယ်။
မြန်မာ့အရေးစိတ်ဝင်စားသူ ထိုင်းနိုင်ငံသားတွေရဲ့ ထောက်ခံမှုကိုလည်း ရရှိထားသူဖြစ်ပြီး အခု ဖမ်းဆီးခံရမှုမှာတော့ ထိုင်းနိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းနဲ့ ရှေ့နေတွေက လိုက်လံ ကူညီပေးနေတယ်လို့ သိရပါတယ်။