စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မေလ ၂ ရက်နေ့က အရုဏ်ဦးသပိတ်စစ်ကြောင်းနဲ့ နေ့လယ် သပိတ်စစ်ကြောင်းတွေကို စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက အကြမ်းဖက် ဖြိုခွင်းတာတွေရှိခဲ့ပြီး ဆန္ဒပြပြည်သူတချို့ ဖမ်းဆီးခံရပါတယ်။
မုံရွာမြို့ခံလူထုက ဒီကနေ့ မနက်အစောပိုင်းစပြီး ဆိုင်ကယ်သပိတ်၊ ချီတက်လမ်းလျှောက်သပိတ်၊ စာရွက်သပိတ်၊ အနက်ရောင်တီရှပ်သပိတ် စတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု သပိတ်တွေကို ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဝက်လက်မြို့မှာတော့ ဆိုင်ကယ်သပိတ်စစ်ကြောင်း ဖြိုခွင်းခံခဲ့ရပြီး ပြည်သူ ၇ ဦး သေနတ်ထိမှန်ကာ ၂ ဦးကျဆုံးတယ်လို့ ကနဦးသိရပါတယ်။ မေလ ၂ ရက် ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးနေ့သပိတ်ကို မုံရွာတင်မက ဆားလင်းကြီး၊ ယင်းမာပင်၊ ရွှေဘို၊ ကလေး၊ ချောင်ဦးအပြင် စစ်ကိုင်းတိုင်းအတွင်း တခြားမြို့နယ်တွေမှာလည်း ပြုလုပ်ခဲ့ပါတယ်။