Home
မြန်မာသတင်း
တိုက်ပွဲကြောင့် မီးလောင်ပန်လုံရွာတွင် ဖောက်ထွင်းမှုများဖြစ်၊ စစ်ကောင်စီတပ်သား ၄ ဦး ဖမ်းမိ
DVB
·
April 30, 2021

တိုက်ပွဲကြောင့် နေအိမ်ပေါင်း ၅၀ နီးပါး မီးလောင်သွားတဲ့ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပန်လုံရွာမှာ အိမ်ရှင်တွေ စစ်ပြေးရှောင်နေချိန် ကျန်ခဲ့တဲ့ နေအိမ်နဲ့ ဆိုင်ခန်းတွေ ဖောက်ထွင်းခံရပြီး ကျေးရွာလုံခြုံရေးအတွက် လာရောက်စခန်းချတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင် ၄ ဦးကို ရွာသားတွေက လက်ပူးလက်ကြပ်ဖမ်းမိခဲ့ပါတယ်။ 

ပန်လုံရွာသားတွေဟာ သူတို့ရွာက အိမ်တွေ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က မီးလောင်သွားတဲ့ နောက် မန်စံ၊ ပန်သပြေ စတဲ့ကျေးရွာတွေဘက် စစ်ပြေးရှောင်နေရပြီး ကြက်စာ ဝက်စာကျွေးဖို့လို တဲ့ ရွာစောင့်တချို့သာ ကျန်ခဲ့ပါတယ်။ 

အဲဒီနောက် အိမ်နဲ့ ဆိုင်အချို့ ဖောက်ထွင်းခံရတာရှိနေပြီး ရွာမှာကျန်ခဲ့သူတွေအနေနဲ့ သူတို့အပေါ် သံသယရှိမှာစိုးလို့ ဖောက်ထွင်းသူတွေကို စောင့်ဖမ်းခဲ့တာလို့ ပန်လုံ ရွာသား ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“ရွာသားတွေ စစ်ပြေးရှောင်တော့ ဖုန်းဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ အိမ်တွေ ဖောက်ထွင်း ခံရတယ်။ ကျနော် သိရသလောက်တော့ ဖုန်းဆိုင်က ၃ ဆိုင်၊ ဆိုင်ရှင်က စိုင်းစမ်မုန့်၊ ကိုတင်ထွန်းနဲ့ ဦးစမေ့ ဆိုင်၊ ဖုန်းအသစ် အနည်းဆုံး ၁၀ လုံးနဲ့ နီကွန်ကင်မရာ၊ ဟတ်ဒစ်စ်တွေ ပလပ်ပေါက်တွေ ပါသွားတယ်၊ ဆုံးရှုံးမှုတန်ဖိုးတော့ မသိဘူး၊ ပြီးတော့ အိမ်ဆိုင်လေးတွေ ပါတယ်။ အဲဒါကြောင့် ရွာမှာကျန်ခဲ့တဲ့လူတွေက ဖောက်ထွင်းသူတွေ စောင့်ကြည့်တာပေါ့၊ ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့ ည ၈ နာရီကျော်လောက်မှာ လူ ၄ ယောက် ဒေါနန်းအုပ်စားသောက်ဆိုင်ထဲ သော့ဖျက်ပြီးဝင်သွားတယ်၊ အဲဒါ အရင်မြင်တဲ့လူက တခြားရွာသားတွေကို ခေါ်လိုက်တယ်။ ရွာသား ၅- ၆ ယောက်လောက်လာ ပြီး ဝိုင်းဖမ်းတာပေါ့၊ အဲဒီလူ ၄ ယောက်ကဆိုင်ထဲက ပစ္စည်းတွေကို အိတ်ထဲ ထည့်နေတာ၊ သူတို့က ငါတို့ကို ဓာတ်မီးနဲ့မထိုးနဲ့ ငါတို့ကစစ်သားတွေ အဲလိုပြောတယ်။ ခင်ဗျားတို့ စစ်သားမှ မဟုတ်ဘဲ သူခိုးပဲလို့ပြောပြီး ရွာသားတွေက ပါလာတဲ့တုတ်နဲ့ရိုက်တာ၊ ဓားနဲ့လည်း ရွယ်တယ်၊ အပြင်မှာလည်း ငါတို့လူတွေစောင့်နေတယ်လို့ ပြောလိုက်တယ်။ အဲဒီဆိုင်ကလည်း ဝင်ပေါက်တပေါက်ပဲရှိတယ်၊ ထွက်ပြေးလို့မရဘူး။ အဲဒါနဲ့ အဖမ်းခံကြတယ်၊ ရွာသားတွေက ဆိုင်ရှင် နဲ့ ကျေးရွာသူကြီးတွေ ဖုန်းဆက်၊ ပြီးတော့ ရွာသူကြီးက သူတို့တပ်ရင်းကို အကြောင်းကြားပေါ့။ ခဏနေတော့ လူကြီးတွေ ရောက်လာကြတယ်၊ ဒုတပ်ရင်းမှူး ဆိုတဲ့ လူက သူ့လူတွေကို နားရင်းအုပ်ပြီး ရွာသားတွေကို တောင်းပန်တယ်၊ ဒါပေမယ့် အရင်ဖောက်ထွင်းမှုတွေကတော့ သူတို့နဲ့ မပတ်သက်ပါဘူးတဲ့၊ ဒီတခါပဲကျူးလွန်တာတဲ့၊ ပြီးတော့ အဲဒီစစ်သား ၄ ယောက်ကို တပ်ဥပဒေနဲ့ အရေးယူမယ်လို့ ပြောတယ်၊ ပြီးတော့ ကြိုးတုတ်ပြီး ခေါ်သွားတယ်၊ ဒီအကြောင်းတွေ လိုင်းပေါ်မတင်နဲ့လို့လည်း မှာသွားတယ်တဲ့။” 

အဆိုပါ စစ်သား ၄ ယောက်မှာ မျိုးဇော် (၁) မျိုးဇော် တ/၄၄၇၁၊ ကို၀င်း တ/၄၈၈၆၈၊  ချမ်းအေး တ/၄၈၃၆၂၉၊ ကျော်စိုးနိုင်  တ/၅၃၃၇၄၄ တို့ဖြစ်ပြီး  တပ်ရင်း (၂၅၆) ကလို့ ဆိုပါတယ်။ 

အဆိုပါတပ်ဟာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက TNLA နဲ့ RCSS တို့တိုက်ပွဲဖြစ်လို့ ရွာထဲက အိမ်တွေမီးလောင်ခံရပြီးတဲ့နောက် ကျေးရွာလုံခြုံရေးအတွက် ပန်လုံကျေးရွာ မန်စန်းဘုန်းကြီး ကျောင်းမှာ လာရောက်စခန်းချနေတာလို့ ရွာသားတွေက ပြောပါတယ်။ 

စစ်သား ၄ ယောက်ကို ဖမ်းမိပေမယ့်လည်း ရွာထဲမှာ ဖောက်ထွင်းမှု နောက်ထပ် ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ သူတို့ကိုတော့ လက်ဆုပ်လက်ကိုင် မဖမ်းမိသေးဘူးလို့ ပန်လုံရွာသားက ပြောပါတယ်။ 

ပန်လုံကျေးရွာဟာ သီပေါ၊ နမ္မတူ နဲ့ နမ့်ဆန်ဘက်ကိုသွားတဲ့ လမ်းဆုံပေါ်မှာတည်ရှိပြီး အိမ်ခြေ ၅၀၀ နီးပါးရှိ စည်ကားတဲ့ရွာကြီးတစ်ရွာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က လက်နက်ကြီးကျလို့ နေအိမ် ၂၈ လုံး၊ ဧပြီလ ၂၁ ရက်နေ့က နေအိမ် ၁၇ လုံး မီးလောင်သွားတာ ကြောင့် ရွာသားပေါင်း ၂ ထောင်ကျော် စစ်ပြေးရှောင်ဘဝရောက်နေစဉ် ကျန်ခဲ့တဲ့ ဆိုင်ခန်းတွေ နေအိမ်တွေ အခုလို ဖောက်ထွင်းခံနေရတာပါ။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024