Home
ဆောင်းပါး
နွေဦးတော်လှန်ရေးနဲ့ တရုတ်ရဲ့ဗျူဟာမြောက် နိုင်ငံရေးထောင်ချောက် (ဆောင်းပါး)
DVB
·
April 29, 2021

 မြန်မာနိုင်ငံ ပြဿနာကို သံတမန်နည်းလမ်းအရ အာဆီယံအစည်းအဝေးကတဆင့် အဖြေရှာသင့်တယ်လို့ တရုတ်နိုင်ငံ အပါအဝင် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက သဘောတူခဲ့ကြတာကြောင့် ဧပြီ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ အာဆီယံ ခေါင်းဆောင်များ အစည်းအဝေး ကျင်းပခဲ့တယ်။

အစည်းအဝေးအပြီးမှာ မြန်မာစစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ရမယ်ဆိုတဲ့ အချက်အပါအဝင် အချက် ၅ ချက်ပါ အာဆီယံ ဘုံသဘောတူ ဆုံးဖြတ်ချက်ချခဲ့ကြောင်း အာဆီယံ ဥက္ကဋ္ဌက ထုတ်ပြန်ကြေညာခဲ့တယ်။

အကြမ်းဖက်မှု ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး အစွမ်းကုန် သည်းခံထိန်းသိမ်းဖို့၊ မြန်မာနိုင်ငံသားများရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး ငြိမ်းချမ်းစွာ အဖြေရှာဖို့၊ သက်ဆိုင်သူအားလုံး အပြုသဘော တွေ့ဆုံဆွေးနွေးကြဖို့၊ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်က အာဆီယံ အတွင်းရေးမှူးချုပ်ရဲ့ အကူအညီနဲ့ တွေ့ဆုံဆွေးနွေးရေးကိစ္စတွေမှာ ညှိနှိုင်းဆောင်ရွက်ပေးဖို့၊ အာဆီယံအဖွဲ့ရဲ့ လူမှုအထောက်အကူပြုစင်တာကတဆင့် လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်နိုင်ဖို့၊ ပဉ္စမအချက်အနေနဲ့ အာဆီယံ အထူးကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံနိုင်ခွင့်ရရှိဖို့ စတဲ့ အချက် ၅ ချက် ပါဝင်တယ်လို့ ဆိုပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အပေါ်ယံအမြင် ကြည့်တဲ့အခါ သံခင်းတမန်ခင်းအရ အောင်မြင်သယောင် ပြောဆိုနေကြတာ တွေ့ရတယ်။ ဒါပေမဲ့ မြန်မာပြည်သူတို့ အကျိုးဘက်က ကြည့်ရင်တော့ ဒီအခြေအနေဟာ တရုတ်ရဲ့ နိုင်ငံရေး သတ်ကွင်းထဲ တိုက်ရိုက်ကျဆင်းသွားပြီလို့ ဆိုချင်တယ်။

တရုတ်နိုင်ငံက အာဆီယံအစည်းအဝေး ဖြစ်မြောက်ရေးအတွက် အာဆီယံဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံနဲ့ ထိုင်းနိုင်ငံ ခေါင်းဆောင်တွေဆီကို ဖုန်းဆက်ပြီး မြန်မာနိုင်ငံပြဿနာကို အာဆီယံအဖွဲ့အတွင်းမှာ ဆွေးနွေးအဖြေရှာဖို့ စတင်တိုက်တွန်းခဲ့တာ အများသိ ကိစ္စဖြစ်တယ်။ ဆွေးနွေးအဖြေရှာရာမှာ အပြုသဘောဆောင်ဖို့ အားလုံးသဘောတူညီမှုအရ ဆုံးဖြတ်ဖို့ နိုင်ငံခြားက ဝင်ရောက်စွက်ဖက်မှုတွေကို လက်မခံဖို့ တရုတ်က သတိပေး ပြောဆိုခဲ့တာ ကြားခဲ့ရတယ်။ နိုင်ငံခြားဆိုတာ အနောက်နိုင်ငံတွေကို ရည်ညွှန်းတာဖြစ်ပြီး၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနဲ့ အီးယူနိုင်ငံတွေကို ဆိုလိုတာ ဖြစ်တယ်။ နိုင်ငံခြားစွက်ဖက်မှုတွေကို လက်မခံဖို့ ပြောနေတဲ့ တရုတ်ကိုယ်တိုင်ကတော့ မြန်မာကိစ္စမှာ နည်းမျိုးစုံ ၀င်ရောက်စွက်ဖက်နေတာ မြင်နေရတယ်။

မလေးရှား၊ စင်ကာပူနဲ့ အင်ဒိုနီးရှားတို့က ဦးဆောင်တောင်းဆိုခဲ့ကြတဲ့ နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ ဆိုတဲ့အချက်ကို နောက်ဆုံး အာဆီယံ ၁၀ နိုင်ငံ သဘောတူညီချက် ၅ ချက်မှာ ပါဝင်လာခြင်း မရှိတာ တွေ့ရတယ်။ ဒီအချက်က အရေးအကြီးဆုံး မပါမဖြစ် ပါရမယ့်အချက် ဖြစ်တယ်။ ဒီအချက်ကို ချန်ထားခဲ့တာဟာ ကောက်ကျစ်စဉ်းလဲမှုရဲ့ အစဖြစ်တယ်။ ဘာကြောင့်လဲ။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေကို လွှတ်မပေးချင်လို့ ဖြစ်တယ်။ NLD ပါတီကို ခေါင်းမထောင်နိုင်အောင် နှိပ်ကွပ်ချင်တဲ့ အကြံဆိုး ရှိနေလို့ဖြစ်တယ်။ စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ကလိမ်ဉာဏ်ဆင် အကြောင်းပြပြီး အာဏာသိမ်းခဲ့တာ ဖြစ်တယ်။ အမှန်စင်စစ် ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတကြောင်း ပြည်တွင်း ပြည်ပက အသိအမှတ်ပြုထားပြီး ဖြစ်တယ်။

မင်းအောင်လှိုင် စစ်အုပ်စုရဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်လိုမှုအရ အကြောင်းမရှိ အကြောင်းရှာ အာဏာသိမ်းခဲ့တာ ဖြစ်တယ်။ ဒီမိုကရေစီ ကိုယ်စားပြုတဲ့ အစိုးရ အာဏာရခဲ့ရင် စစ်အုပ်စုရဲ့ အကျင့်ပျက် ခြစားမှုပေါင်း ကုဋေကုဋာနဲ့တကွ စစ်ရာဇဝတ်မှုပေါင်းများစွာကို ဖေါ်ထုတ်ဖွင့်ချခံရမှာ ကြောက်တဲ့အတွက် အာဏာသိမ်းခဲ့ခြင်း ဖြစ်တယ်။ ဒီကနေ့ မြန်မာနိုင်ငံပြဿနာဟာ ဒီမိုကရေစီဝါဒနဲ့ ဖက်ဆစ်စစ်အာဏာရှင်ဝါဒတို့ကြားက တိုက်ပွဲဖြစ်တယ်။ အာဆီယံဒေသအတွင်းကတဆင့် နိုင်ငံတကာအထိ ကျယ်ပြန့်လာနိုင်တယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံအများစုကလည်း အာဏာရှင်တပိုင်း အစိုးရတွေ လက်အောက်မှာ ရှိနေတာကို မမေ့ဖို့ လိုတယ်။ မြန်မာ့နွေဦးတော်လှန်ရေး (သို့မဟုတ်) ဒီမိုကရေစီအရေးတော်ပုံဟာ ဒေသတခုလုံးအထိ ကူးစက်ကျယ်ပြန့်လာမှာကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ စိုးရိမ်နေကြပုံရတယ်။

မြန်မာဖက်ဆစ် စစ်အုပ်စုကို လတ်တလော ကျောထောက်နောက်ခံပေးနေတာ ဘယ်သူလဲလို့ မေးရင် ကိုယ်ကျိုးစီးပွား ပဓာနထားတဲ့ တရုတ်နိုင်ငံဖြစ်တယ်ဆိုတာ ထင်ရှားနေတယ်။ တရုတ်က မီးစိမ်းပြခဲ့လို့ နိုင်ငံနဲ့ပြည်သူ့အကျိုးကို ပစ်ပယ်ပြီး မင်းအောင်လှိုင် ဖက်ဆစ်စစ်အုပ်စုက အာဏာသိမ်းခဲ့တာ ဖြစ်တယ်။ တရုတ်က မင်းအောင်လှိုင်ကို ဘာကြောင့် အာဏာသိမ်းဖို့ မြှောက်ပေးခဲ့တာလဲ။ “ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်း” (BRI) လို့ ကမ္ဘာမှာ ကျော်ကြားနေတဲ့ တရုတ်အစိုးရရဲ့ မဟာဗျူဟာမြောက် စီးပွားရေး စီမံကိန်းကြီးကို ကြားဖူးကြမယ် ထင်ပါတယ်။ ကမ္ဘာ့အရှေ့ခြမ်းနဲ့ အနောက်ခြမ်းကို ကုန်းလမ်း-ရေလမ်း နှစ်မျိုးလုံး အသုံးပြုပြီး၊ ကုန်သွယ်ရေးလမ်းကြောင်းကြီးတခု တရုတ်နိုင်ငံက ဖော်ဆောင်နေတာ ဖြစ်တယ်။ မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်-မြန်မာစီးပွားရေးစင်္ကြံကနေ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းဒေသအထိ ခေတ်သစ် ပိုးလမ်းမက ဖြတ်သန်းမှာ ဖြစ်တယ်။ ဒါကြောင့် မြန်မာနိုင်ငံကို တရုတ်က သူ့အကျိုးစီးပွားအတွက် စိတ်တိုင်းကျ ချယ်လှယ်သိမ်းပိုက်လိုတယ်။ နယ်ချဲ့လိုတယ်။

ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း(Belt and Road Initiative-BRI) အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီရဲ့ ပထမအကြိမ်အစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ၂၀၂၀ ဖေဖေါ်ဝါရီ ၁၈ ရက်နေ့က ကျင်းပခဲ့တယ်။ ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောကြားခဲ့တယ်။ ‘BRI စီမံကိန်း ဖော်ဆောင်ရေးဦးဆောင်ကော်မတီ’ ရဲ့ ပထမအကြိမ် အစည်းအဝေးမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တရုတ်နိုင်ငံရဲ့ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းမှာ ကမ္ဘာ့နိုင်ငံ ၆၀ ကျော် ပါဝင်ပတ်သက်နေကြောင်း၊ အခြေခံအဆောက်အအုံ ဆက်သွယ်ရေးသာမက ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မယ့် ကျယ်ပြန့်တဲ့ အစီအစဉ်တစ်ခုဖြစ်ကြောင်း ရှင်းပြခဲ့တယ်။ ပထဝီ အနေအထားအရ မြန်မာနိုင်ငံဟာ BRI  ပိုးလမ်းမ စီမံကိန်းမှာ မဟာဗျူဟာကျနေတာကြောင့် ပါဝင်သွားဖို့ ရှိတယ်လို့ ဆိုတယ်။  ဒါပေမဲ့ စီမံကိန်း ဆောင်ရွက်ရာမှာ နှစ်ဦးနှစ်ဖက် အကျိုးစီးပွား မျှမျှတတ ဖြစ်ရေးအတွက် မဟာဗျူဟာနဲ့ နည်းဗျူဟာများ ချမှတ်ဆောင်ရွက်သွားဖို့ လိုအပ်မှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်။

BRI စီမံကိန်း အကောင်အထည်ဖော်ရာမှာ “ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး ၅ ရပ်” နဲ့အညီ ဆောင်ရွက်ဖို့ လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်။  စီမံကိန်းများ ဆောင်ရွက်ရာမှာ ပြည်သူများအတွက် ရေတိုအကျိုးဖြစ်ထွန်းရေးသာမက ရေရှည်အကျိုးကိုပါ ရှုထောင့်အမျိုးမျိုးက လေ့လာစိစစ် ဆောင်ရွက်သွားဖို့ လိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်။ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းအောက်မှာ ဆောင်ရွက်ရမယ့် စီမံကိန်းတွေဟာ မိမိတို့နိုင်ငံရဲ့ အမျိုးသားစီမံကိန်းများ၊ မူဝါဒများ၊ ပြည်တွင်း လုပ်ထုံးလုပ်နည်းများနဲ့ လိုက်လျောညီထွေမှုရှိဖို့လည်း လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့တယ်။

ဒါကြောင့် BRI  ပိုးလမ်းမ စီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ “ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး ၅ ရပ်”နဲ့တကွ ဥပဒေစည်းမျဉ်းစည်းကမ်း ပြည်တွင်း လုပ်ထုံးလုပ်နည်းများနဲ့ လိုက်လျောညီထွေမှုရှိဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာကို ကြည့်ရင် စစ်အစိုးရနဲ့ လုပ်ရသလို တွက်ခြေမကိုက်နိုင်တာကို တရုတ် ခေါင်းဆောင်တွေ သဘောပေါက်ခဲ့တယ်။ ဒါကြောင့် မြန်မာ့ ရေမြေတောတောင် သဘာဝသယံဇာတတွေကို အချောင်နှိုက်ယူနိုင်ဖို့ဆိုရင်  စစ်အုပ်စု အာဏာရဖို့လိုတယ်လို့ တရုတ်နိုင်ငံက တွက်ဆခဲ့ပုံရတယ်။ ဒါကြောင့် မြန်မာနဲ့ ဆက်ဆံရာမှာ တရုတ်ရဲ့ မူဝါဒဟာ မီးစတဖက် ရေမှုတ်တဖက်ဖြစ်ခဲ့တယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ကြိုးကိုင် ချယ်လှယ်နိုင်ရေး အမြဲကြိုးပမ်း ကြံစည်နေတာကို ကြည့်ရင် တရုတ်ရဲ့ ကိုယ်ကျိုးစီးပွား ပဓာနထားတဲ့ မူဝါဒကို မြင်နိုင်တယ်။ ဒါကြောင့် လက်ရှိ မြန်မာနိုင်ငံပြဿနာ အဖြေရှာကြရာမှာ တရုတ်က သူ့အကျိုးအတွက် မင်းအောင်လှိုင် စစ်အုပ်စုကို အကာအကွယ်ပေးနေခြင်း ဖြစ်တယ်။ အခု စစ်ကောင်စီ အာဏာသိမ်းထားတဲ့ ရက်ပေါင်း ၈၀ ကျော်အတွင်းမှာတောင် နေ့စဉ် မြန်မာ့အဖိုးတန်သစ်တွေ တန်ချိန်ပေါင်းများစွာ တရုတ်နိုင်ငံဘက်ကို ခိုးထုတ်နေကြတယ်။ မြေရှား (Rare earth) အပါအဝင် သတ္တုအမျိုးမျိုးနဲ့ကျောက်စိမ်းတွေ နေ့စဉ် တရုတ်ဘက်ကို ခိုးယူနေကြတာကို ကြည့်ရင် သိနိုင်တယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးခုအတွင်း စစ်အစိုးရခေတ်မှာ မြန်မာ့သယံဇာတ အတော်များများကို တရုတ်နိုင်ငံက နည်းမျိုးစုံနဲ့ နှိုက်ယူခဲ့လို့ အတော် နစ်နာ ဆုံးရှုံးခဲ့ရတယ်။ သစ်တောတွေ ပြန်လည် စိမ်းလန်းလာစေဖို့ NLD အစိုးရက ပြန်လည်ပျိုးထောင်မှု လုပ်ခဲ့ရတယ်။ တခြား ကျောက်စိမ်းဒေသ၊ ကြေးနီတောင်ဒေသ၊ ပယင်းနဲ့ ရွှေထွက်ရာဒေသ၊ မြစ်ကြောင်းများတလျှောက် ရေအားလျှပ်စစ် ထုတ်ယူနိုင်မယ့် နေရာဒေသများ၊ နိကယ်ထုတ်ယူရာဒေသနဲ့ မြန်မာနိုင်ငံအထက်ပိုင်း စိုက်ပျိုးမြေများ ငှားရမ်းထားရာ ဒေသတွေ အစရှိသဖြင့် တရုတ်တို့ စီးပွားရေးချဲ့ထွင် လုပ်ကိုင်နေမှုတွေဟာ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ မဟုတ်ကြောင်း သတင်းတွေ မကြာမကြာ ကြားသိနေရတယ်။

MOU ရေးထိုး လုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီ လုပ်ငန်းတွေကို သေချာစိစစ်မယ်ဆိုရင် တရားမဝင် တရုတ်နိုင်ငံသားတွေကို ခေါ်သွင်းလာခဲ့တာ တွေ့ရတယ်။ မြန်မာနိုင်ငံရဲ့ ဥပဒေစိုးမိုးမှု အားနည်းချက်နဲ့ အဂတိလိုက်စားမှု မထိန်းချုပ်နိုင်တဲ့ အားနည်းချက်တွေကို အခွင့်ကောင်းယူပြီး တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေက မြန်မာ့စီးပွားရေး လုပ်ကွက်တွေကို ၀င်ရောက်ထိန်းချုပ်လာနေကြတယ်။ မြန်မာအုပ်ချုပ်ရေး တာဝန်ရှိသူများနဲ့ ဥပဒေစိုးမိုးရေးတာဝန်ရှိသူများအနေနဲ့ လာဘ်ပေးလာဘ်ယူ အကျင့်ပျက် ခြစားမှုကို မထိန်းချုပ်နိုင်ကြရင် ရေရှည်မှာ အချုပ်အခြာအာဏာကိုတောင် ထိပါးလာနိုင်တယ်။ လိုရင်းတိုရှင်း ပြောရရင် စစ်တပ်သာ တိုင်းပြည်အာဏာကို ဆက်ရသွားရင် မြန်မာဟာ တရုတ်နယ်ချဲ့သမား လက်အောက် ကျရောက်သွားလိမ့်မယ်။

လက်ရှိ အချက် ၅ ချက်ပါ အာဆီယံ ဘုံသဘောတူချက်ဟာ တရုတ် ရေးတဲ့ ဇာတ်ညွှန်းဖြစ်တယ်။ အချိန်ဆွဲပြီး ပြည်သူလူထုရဲ့ နွေဦးတော်လှန်ရေး ဆန္ဒပြပွဲများကို တဖြည်းဖြည်း အရှိန်လျော့ကျလာအောင် ရေရှည်စီမံကိန်းချလိုက်တာ ဖြစ်တယ်။ မင်းအောင်လှိုင် စစ်အုပ်စုကို သက်ဆိုးရှည်အောင် ကာကွယ်ပေးတာဖြစ်တယ်။ လက်ရှိအခြေအနေအထိ အာဆီယံက CRPH နဲ့  NUG တို့ရဲ့ အခန်းကဏ္ဍကို မှေးမှိန်ထားတာ တွေ့ရတယ်။ အာဆီယံခေါင်းဆောင်အချို့ကိုယ်တိုင် အကြောင်းကြောင်းကြောင့် တရုတ်သြဇာခံ ဖြစ်နေကြတယ်။

ဒါပေမဲ့ အီးယူ အဆင့်မြင့်သံတမန် Josep Borrell ရဲ့ အီးယူကြေညာချက်မှာ အာဆီယံ ဆွေးနွေးပွဲသဘောတူညီချက် ၅ ချက်ဟာ ရှေ့တလှမ်းတက်ဖို့ တွန်းအားပေးမှုတခုလို့ ဖော်ပြထားတယ်။ ဆွေးနွေးတုန်းက သဘောတူထားတဲ့အတိုင်း အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်ဖို့ ဆွေးနွေးပွဲမှာ CRPH နဲ့ NUG ကိုယ်စားလှယ်တွေ ပါရမယ်လို့ Josep Borrell က တောင်းဆိုထားတယ်။ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့လည်း အီးယူက တောင်းဆိုထားတယ်။ လက်ရှိပြဿနာတွေကို ယုံယုံကြည်ကြည်နဲ့ ဖြေရှင်းလိုတဲ့ ဆန္ဒရှိသူ သက်ဆိုင်သူအားလုံးပါဝင်မယ့် ဆွေးနွေးပွဲတွေကို  ထောက်ခံသွားမှာဖြစ်ပေမယ့်  ပြည်သူက ရွေးချယ်ထားသူတွေကို အမြန်ဆုံးအာဏာပြန်ပေးမယ့် ဆွေးနွေးပွဲတွေ ဖြစ်ရမယ်လို့ အီးယူ ကြေညာချက်မှာ ဖော်ပြထားတာ တွေ့ရတယ်။

ဒါကြောင့် နွေဦးတော်လှန်ရေး ဘက်တော်သားတွေအနေနဲ့ တရုတ်နဲ့ လက်ဝါးရိုက်ပြီး ထုတ်ပြန်လာတဲ့ အာဆီယံမူ ၅ ချက်ဟာ တရုတ်ရဲ့ဗျူဟာမြောက် ထောင်ချောက် ဖြစ်ကြောင်း သတိပြုသင့်တယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကို ခြွင်းချက်မရှိ ချက်ချင်း ဆောင်ရွက်ပေးဖို့ တောင်းဆိုရမယ်။ CRPH နဲ့ NUG အစိုးရအဖွဲ့တို့ဟာ လက်ရှိ ပြည်သူ့ ကိုယ်စားပြုအဖွဲ့ ဖြစ်တာကြောင့် ဆက်လက်ပြုလုပ်မယ့် အာဆီယံဆွေးနွေးပွဲတွေမှာ ပါ၀င်ခွင့်ရှိရမယ်။

အနှစ်ချုပ်ရရင် အာဆီယံမူ ၅ ချက်ဟာ နွေဦးတော်လှန်ရေး တဖြည်းဖြည်း အားနည်းအောင်လုပ်ဖို့ ဆင်ထားတဲ့ တရုတ်ရဲ့ ဗျူဟာမြောက် နိုင်ငံရေးထောင်ချောက် ဖြစ်တယ်။ အာဆီယံနဲ့ တရုတ်နိုင်ငံတို့က သူတို့ ကိုယ်ကျိုးစီးပွား ကာကွယ်ဖို့အတွက် အကြမ်းဖက် စစ်ကောင်စီကို အကာအကွယ်ပေးနေခြင်းဖြစ်တယ်။ မြန်မာ့အချုပ်အခြာအာဏာပိုင်ရှင် မြန်မာပြည်သူလူထုရဲ့ သဘောဆန္ဒကို အာဆီယံနဲ့ တရုတ်တို့က သေးသိမ်အောင် မှေးမှိန်ထားတာကို သတိပြုကြရမယ်။

မြန်မာ့နိုင်ငံရေးပြဿနာတစုံလုံးရဲ့ နောက်ကွယ်က လက်မည်းဟာ တရုတ် ဖြစ်တယ်။ ခေတ်သစ် နယ်ချဲ့နည်း အမျိုးမျိုးကို အသုံးပြုပြီး မြန်မာနိုင်ငံကို တရုတ်က ကျွန်ပြုဖို့ ကြိုးစားနေတဲ့အချက်ကို သတိပြုသင့်တယ်။ တရုတ်ရဲ့ အန္တရာယ်စက်ကွင်းက လွတ်ကင်းဖို့အတွက် လာမယ့်အာဆီယံအဖွဲ့ရဲ့ မြန်မာ့အရေး ဆွေးနွေးပွဲအစီအစဉ်များဟာ တရုတ်ရဲ့ဗျူဟာမြောက် နိုင်ငံရေးထောင်ချောက် ဖြစ်တယ်။ အချိန်ဆွဲပြီး နွေဦးတော်လှန်ရေး အားပျော့လာခဲ့ရင်၊ စစ်ကောင်စီအုပ်ချုပ်ခွင့် အသာစီး ပြန်ရလာအောင် လုပ်နေခြင်းသာ ဖြစ်တယ်။ ဒီအချက်ကို အထူးသတိပြုကြစေချင်တယ်။

ဆောင်းပါးရှင်- နန္ဒလင်းရှိန်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024