ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ဌာနဆိုင်ရာ စုပေါင်းရုံးအနီးမှာ ဧပြီ ၂၈ ရက် မနက် ၈ နာရီလောက်က အကြီးစားပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပါတယ်။
ပေါက်ကွဲမှုကြောင့် ခရိုင်ရုံး မှန်ချပ်တွေကွဲခဲ့ရပြီး အုတ်နံရံ မိုင်းစထိမှန်ခဲ့ပေမဲ့ လူတွေကတော့ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး။ ပေါက်ကွဲမှုကြောင့် စုပေါင်းရုံးမှာ CDM မဝင်ဘဲ ရုံးတက်နေကြတဲ့ ဝန်ထမ်းတွေလည်း စိုးရိမ်ထိတ်လန့်နေကြတယ်လို့ သိရှိရပါတယ်။
အဆိုပါစုပေါင်းရုံးမှာ ရဲနဲ့ စစ်သားလုံခြုံရေးအပြည့်ချထားတဲ့နေရာဖြစ်ပြီး အများပြည်သူ ဖြတ်သန်းသွားလာမှု မရှိအောင် ပိတ်ဆို့ထားတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့ကလည်း ဗန်းမော်မြို့မှာ စစ်တပ်က ကုန်ကားတစ်စီးကို ကေအိုင်အေအမှတ်နဲ့လိုက်ပစ်ခတ်ခဲ့လို့ ဈေးသည်တွေနဲ့ ကားသမားတွေ အသက်လု ထွက်ပြေးကြရပြီး ဒေသခံ ၃ ယောက် ကျည်ဆန်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ မျက်မြင်ဒေသခံ တစ်ယောက်က ပြောပါတယ်။
ဧပြီ ၂၆ ရက်နေ့ကလည်း ဗန်းမော် ၃ မိုင်လမ်းမှာ ကားတစ်စီးမိုင်းခွဲခံခဲ့ရပြီး အနည်းငယ်ပျက်စီးခဲ့ကာ လူတွေတော့ ထိခိုက်ဒဏ်ရာရတာမရှိခဲ့ပါဘူး။
လက်ရှိမှာလည်း ဗန်းမော်မြို့ အဝင်အထွက်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက လုံခြုံရေး တင်းကြပ်စွာ စစ်ဆေးနေပါတယ်။
ဓာတ်ပုံ- ယခင်ပုံဟောင်း
PHOTO- Platform B