Live
Home
မြန်မာသတင်း
ခင်ဦးမြို့နယ် ကံသစ်ရွာသား ၂ ဦးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီး
DVB
·
April 28, 2021

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ကံသစ်ရွာသားတွေ    ဧပြီ ၂၇ ရက်နေ့က  ရေဦးမြို့ကို စျေးဝယ်သွားကြစဉ် ရေဦးမြို့အဝင်မှာ စစ်သားနဲ့ရဲသားတွေက စစ်ဆေးပြီး ရွာသား ၂ ဦးကို ဖမ်းဆီးလိုက်ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အသက် ၄၅ နှစ်အရွယ် ဦးဖိုးဇော်နဲ့ အသက် ၂၃ နှစ်အရွယ် ကိုရဲရင့်အောင်တို့ဖြစ်ပြီး  လွန်တစ်ချောင်းတွေ့ရှိမှုနဲ့ ဖုန်းထဲက ဆန္ဒပြဓာတ်ပုံတွေ တွေ့ရှိမှုကြောင့် ဖမ်းဆီးသွားတာလို့ သိရပါတယ်။ 

အဲဒီနေ့ညနေပိုင်းမှာပဲ  ဧပြီ ၂၂ရက်နေ့ တုန်းက မီးလောင်သွားခဲ့တဲ့ မြင်းဒေါင်းနဲ့သာဂရကျေးရွာကြားက သစ်သားတံတားကို ရဲနဲ့စစ်သားအင်အား ၆၀ က လာရောက်စောင့်ကြည့်ခဲ့ကာ တံတားပေါ်မှာ မူးယစ်သောက်စားပြီး နောက် သာဂရကျေးရွာ၊ မြို့သစ်ရွာနဲ့ ကံသစ်ရွာတွေကို ဝင်ရောက်ရှာဖွေခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

“ရဲနဲ့စစ်သားတွေလာပြီဆိုတာနဲ့ ရွာလုံးကျွတ် ထွက်ပြေးကြရပြီး သက်ကြီးရွယ်အိုတွေဆိုရင် လက်ကျိုးခြေကျိုးရတဲ့အထိ ဖြစ်ရတယ်” လို့ ရွာသားတစ်ဦးကပြောပါတယ်။

လက်နက်ကိုင်တပ်တွေက မြို့သစ်ရွာက အိမ်တွေကိုဝင်ရှာပြီး ပိုက်ဆံ၊ ဖုန်း၊ မီးချောင်း၊ မီးကြိုးစတဲ့ လိုချင်တာမှန်သမျှ မွှေနှောက်ယူသွားကြသလို  PSI စလောင်းတွေကိုဖြုတ်တာ၊  အန်အယ်လ်ဒီ ဆိုင်းဘုတ် အမှတ်အသားတွေကို ဖျက်ဆီးတာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။  

ကံသစ်ရွာမှာလည်း ကင်းတဲက တံခါးတွေကိုဖြုတ်ယူပြီး ရွာပိုင် ကြမ်းပြားအခင်း၊ ကုတင်တွေကို ကားပေါ်တင်သွားတဲ့တပြ်  ရွာသား ဦးမျိုးမြင့်နဲ့ ဦးခင်မောင်စိုးအိမ်က soundbox နဲ့ လော်စပီကာ အကြီးတွေကိုလည်း သယ်ယူသွားတယ်လို့ သိရပါတယ်။

ခင်ဦးမြို့နယ်က ရွာတွေကို ရဲနဲ့စစ်တပ်က နေ့စဉ်လိုလိုဝင်ရောက်ရမ်းကားနေပြီး လက်ရှိအချိန်အထိ ခင်ဦးမြို့နယ်မှာ အဖမ်းခံရပြီး ပြန်မလွတ်သေးသူ အယောက် ၃၀ ထက်မနည်း ရှိနေပြီလည်း ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024