ဥရောပသံတမန်များ ရှမ်းနီပါတီနှင့် တွေ့ဆုံ
DVB
·
November 6, 2013
ကချင်ပြည်နယ်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသံတမန် ၃ ဦးဟာ ရှမ်းမျိုးနွယ်စု ၊ ရှမ်းနီပါတီဝင်တွေနဲ့ မနေ့က တွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သံတမန်တွေဖြစ်ကြတဲ့ မစ္စတာ ရိုလင်း ကိုဘီယာ၊ မစ္စတာ ဂျိုး ဖစ်ရှာ၊ မစ်စ် အစ္စဘယ်လ် ပိုပယ်လ် တို့ ၃ ဦးဟာ ရှမ်းမျိုးနွယ်စုတွေနဲ့ မြစ်ကြီးနားမြို့ ရှမ်းမျိုးနွယ်စုဓမ္မာရုံမှာ တွေ့ဆုံခဲ့တာပါ။
ဥရောပသံတမန်တွေဟာ ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်လို့ ရှမ်းမျိုးနွယ်စုတွေနဲ့ တွေ့ဆုံလိုကြောင်း အကြောင်းကြားလာတဲ့အတွက် တွေ့ဆုံခဲ့တာဖြစ်ပြီး ကချင်ပြည်နယ် ငြိမ်းချမ်းရေး အမြန်ရလိုကြောင်း ပြောခဲ့တယ်လို့ မြစ်ကြီးနားမြို့နယ် ရှမ်းနီ (တိုင်းလျဲန်) တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌ ဦးစိုင်းကျော်လေးက ပြောပါတယ်။
“ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေးမရှိဘူး၊ ကျနော်တို့ ငြိမ်းချမ်းရေး လိုချင်တယ်လို့ အဲဒါကို အီးယူအဖွဲ့နဲ့ ကုလသမဂ္ဂအဖွဲ့များကနေပြီး ငြိမ်းချမ်းရေးရအောင် လက်နက်ကိုင်အဖွဲ့တွေကို တိုက်တွန်းပေးပါလို့ မှာလိုက်ပါတယ်။”
တွေ့ဆုံပွဲမှာ ပါဝင်ခဲ့တဲ့ ၀ိုင်းမော်မြို့နယ် ရှမ်းနီပါတီရဲ့ ဒုဥက္ကဋ္ဌ ဦးစိုင်းမြင့်ဝင်းကလည်း ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေး မရှိတဲ့အတွက် လက်နက်ရှိသူတွေရဲ့ နိုင်ထက်စီးနင်းပြုတာကို ခံနေရကြောင်း တင်ပြခဲ့တယ်လို့ ခုလို ဖြည့်စွက် ပြောကြားပါတယ်။
“သူတို့က ဘာအကူညီလိုသလဲ မေးတယ်။ ကျနော်တို့ ရှမ်းမျိုးနွယ်စုတွေဟာ နှစ်ပေါင်း ၃ ထောင်လောက်က စပြီးနေခဲ့တယ်။ အခု ယဉ်ကျေးမှု၊ လူမျိုး၊ ဘာသာတွေ ပျောက်တဲ့အထိ ဖြစ်သွားကြောင်း ကျနော်တို့က တင်ပြတယ်။ သူတို့ကလည်း အဲဒါတွေကို ထိန်းသိမ်းရေး ပြန်လုပ်ဖို့ ပြောတယ်။ ငြိမ်းချမ်းရေးအောင်လည်း သူတို့ ၀ိုင်းပြီး ကြိုးစားပေးမယ်တဲ့။ ကေအိုင်အေကိုလည်း ငြိမ်းချမ်းရေး မြန်မြန် လက်မှတ်ထိုးစေချင်တယ်။ ကျနော်တို့က မြန်မြန်ဆန်ဆန် ဖြစ်စေချင်တယ်။ လွတ်လွတ်လပ်လပ် နေခွင့်မရဘူး၊ ကြောက်ကြောက်ရွံ့ရွံ့နဲ့ နေနေရတာ။ သူတို့က ဆက်ကြေးတွေတောင်းတယ်။ သူတို့က လက်နက်ကိုင်ဆိုတော့ ကျနော်တို့က ဘယ်လိုမှ မတတ်နိုင်ဘူး။”
ကချင်ပြည်နယ်က ရှမ်းမျိုးနွယ်စု ဦးရေတွေကို ဥရောပသံတမန်အဖွဲ့က မေးမြန်းရာမှာ ကချင်ပြည်မှာ လူဦးရေ စုစုပေါင်း ၁၆ သိန်းရှိပြီး ရှမ်းမျိုးနွယ်စုက ၈ သိန်းလောက်ရှိကြောင်း ဖြေကြားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
အခုလို ဥရောပသံတမန်တွေ လာရောက် တွေ့ဆုံတာဟာ ပထမဆုံးအကြိမ် ဖြစ်ပြီး သူတို့ဘက်က မြစ်ကြီးနား၊ ၀ိုင်းမော်၊ မိုးညှင်း၊ မိုးကောင်းနဲ့ ဟိုပင်အစရှိတဲ့ မြို့နယ်က ရှမ်းနီ အမျိုးသားတိုးတက်ရေးပါတီဝင်တွေ၊ ရှမ်းနီယဉ်ကျေးမှုအဖွဲ့တွေနဲ့ အတူ စုစုပေါင်း လူ ၃၀ လောက် လက်ခံ တွေ့ဆုံခဲ့တယ်လို့ ဦးစိုင်းမြင့်ဝင်းက ပြောသွားပါတယ်။