မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ အမှတ် ၇ စစ်အခြေခံလေ့ကျင့်ရေးတပ်က စစ်သင်တန်းသား ၃ ယောက် ထွက်ပြေးသွားခဲ့ရာမှာ တယောက်ကတော့ မြွေကိုက် သေဆုံးခဲ့ပါတယ်။
ဧပြီ ၂၅ ရက် ညပိုင်းမှာ စစ်သင်တန်းတက်နေတဲ့ ရဲဘော် ၃ ယောက် တောလမ်းကနေ ထွက်ပြေးခဲ့ကြတာဖြစ်ပြီး ၁ ယောက်ကတော့ မြွေကိုက်ခံရလို့ ပြန်ဖမ်းမိခဲ့ပါတယ်။
ကျန် ၂ ယောက်ကတော့ လွတ်မြောက်သွားပြီး မြွေကိုက်ခံရသူကတော့ နောက်တရက်မှာမှ မကွေးစစ်ဆေးရုံကိုပို့ဆောင်ခဲ့လို့ သေဆုံးသွားခဲ့တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။
ထွက်ပြေးလွတ်မြောက်သွားသူ ၂ ယောက်ကို ဖမ်းမိနိုင်ရေးအကြောင်းပြပြီး စစ်သားတွေဟာ တောင်တွင်းကြီးမြို့ အဝင်ဂိတ်တွေမှာ မော်တော်ယာဉ်တွေကို ရပ်တန့်စစ်ဆေးနေသလို ငွေကြေးတောင်းခံနေတာကြောင့် ပေးခဲ့ရတယ်လို့လည်း တောင်တွင်းကြီးမြို့နေ ယာဉ်မောင်းတယောက်က ပြောပါတယ်။